|

မကြာခင်က ပုလဲကွန်ဒိုမီနီယမ်မှာ ဖွင့်လှစ်ထားတဲ့ Yadanapura Art Gallery မှာ ပန်းချီဆရာ အောင်ကျော်ဆန်းရဲ့ “Orchestral Urban Life” လို့ အမည်ပေးထားတဲ့ တစ်ကိုယ်တော် ပြပွဲတစ်ပွဲ ခင်းကျင်းပြသ သွားခဲ့ပါတယ်။ ဒီပွဲကို sponsor ပေးတာကတော့ Yadanapura Art Gallery ပါပဲ။
မြို့ပြရဲ့ လူနေမှုဘ၀တွေကို citilization နဲ့ ဖေါ်ကျူးရေးဆွဲထားတာ ဖြစ်ပါတယ်။
Artist အောင်ကျော်ဆန်းဟာ ပန်းချီပညာကို နိုင်ငံကျော် ပန်းချီဆရာကြီးများ ဖြစ်ကြတဲ့ ဦးတင်အောင်ထိုက်နဲ့ ၀င်းဖေမြင့် (WPM)တို့ ထံမှ သင်ယူရရှိခဲ့သလို ယဉ်ကျေးမှု တက္ကသိုလ်က ဆင်းလာခဲ့တာ ဖြစ်ပေမဲ့ ၂၀၀၀ပြည့်နှစ် ကတည်းက “20 Feb!” ၊ “Star Lets” စတဲ့ အုပ်စုပြပွဲတွေမှာ ပါဝင်ပြသလာခဲ့သူ ဖြစ်ပါတယ်။
ဒီပွဲတွေအပြင် “Simple Poem” (၂၀၀၁)၊ “New Adventure of color Game” (၂၀၀၂)၊ “14th Artistic Touch” (၂၀၀၄)၊ “Page 2007” (၂၀၀၇) နဲ့ “Going Together” (၂၀၀၇) စတဲ့ အုပ်စုပွဲတွေမှာလည်း ပါဝင်ဖြစ်တယ်လို့ သိရှိရပါတယ်။
အခုပြသခဲ့တဲ့ “Orchestral Urban Life” ကတော့ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော်ပွဲပဲ ဖြစ်ပါတယ်။
သူဖန်တီး ရေးဆွဲထားတဲ့ ကားတွေထဲမှာ မြို့ပြရဲ့ လူနေမှုဘဝတွေ၊ လှုပ်ရှားသွားလာမှုတွေ၊ ဗိသုကာဆိုင်ရာ ပညာရပ်တွေ၊ နေထိုင်မှု အဆင့်အတန်းတွေနဲ့ စတဲ့အရာတွေ မြင်တွေ့ ခံစားနိုင်ကြတဲ့ အပြင်၊ မြို့ပြရဲ့ သိမ်မွေ့တဲ့ အသံမျိုးစုံကိုလည်း ကြားနိုင်ခဲ့ကြပါတယ်။

တိုက်တာ အဆောက်အဦး တွေကိုပဲ ခံစားမှုအမျိုးမျိုးနဲ့ composition ကို Bird’s eye view တွေ worm’s eye view တွေနဲ့ အမျိုးမျိုးအဖုံဖုံ ဖန်တီးရေးဆွဲ ထားခဲ့ပါတယ်။
အိမ်ခေါင်မိုးတွေ ပြည့်ကျပ်နေတဲ့ ကားတစ်ကားကို အလင်းအမှောင် Tone တွေနဲ့ ဖန်တီးရေးဆွဲထားပြီး အဝါ၊ လိမ္မော်၊ မရမ်း၊ ခရမ်း စတဲ့ အရောင်မျိုးစုံကို monotone နဲ့ ဖေါ်ကျူးထားတာ တွေ့ရပါတယ်။ ဒီကားဟာ မြို့ပြရဲ့ လူနေထူထပ်ပြီး မွန်းကြပ်တဲ့ ဘဝကို ကိုယ်စားပြုနေ လေသလားလို့လည်း တွေးမိလိုက်ပါတယ်။
အပေါ်စီးအမြင် “Bird’s Eye view” နဲ့ ရေးဆွဲထားတာကြောင့် တိုက်ခေါင်မိုးတွေဟာ တစ်ခုနဲ့တစ်ခု ဆက်ပြီး ပန်းချီကား အပြည့်နီးပါး ခေါင်မိုးတွေ ပြည့်နှက် နေပါတယ်။
တိုက်နှစ်ခုကြားက လမ်းကြားမှာ အလင်းဖောက်ပြီး ခံစားသူနဲ့ အနီးဆုံးအိမ်ကိုတော့ အမှောင်နဲ့ချပြီး လမ်းပိတ်ထားတာ တွေ့ရပါတယ်။ ဒီကားမှာ Brush Works တွေကို ခပ်ကြမ်းကြမ်းလေး သုံးထားခဲ့ပါတယ်။
တိုက်အနိမ့်အမြင့်ကို အနီနဲ့ အစိမ်း contrast ဖြစ်အောင် ဖန်တီးပြီး ဆွဲဆောင်မှု ပေးထားတဲ့ကား စိတ်လှုပ်ရှား မိခဲ့ပါတယ်။ တိုက်အမြင့်ရဲ့ နံရံအစိမ်းနဲ့ အိမ်အနိမ့်ရဲ့ ခေါင်မိုးအနီမှာသာ အရောင် contrast သုံးထားပြီး ဘေးပတ်ဝန်းကျင် တိုက်တွေကိုတော့ Harmony ဖြစ်အောင် ဖန်တီးရေးဆွဲ ထားခဲ့ပါတယ်။
Brush Works တွေကို ခပ်ကြမ်းကြမ်းသုံးပြီး လိုအပ်တဲ့ နေရာတွေမှာတော့ knife ကို သုံးထားတာ တွေ့ရပါတယ်။
တိုက်တန်းလျားတွေ ကြားထဲမှာ ပလပ်စတစ် အမိုးတွေ၊ ထီးအမိုးတွေနဲ့ ဈေးဆိုင်ကလေးတွေ ထည့်ပေးထာတာ ကလည်း မြို့ပြလူနေမှုစနစ်ရဲ့ လှုပ်ရှားပုံတွေကို မြင်တွေ့ခံစား နိုင်ကြပါတယ်။
အလင်းအမှောင် Tone တွေ၊ ကားမီးရောင်၊ လျှပ်စစ်မီးရောင် ပြိုးပြိုးပြက်ပြက်တွေနဲ့ မြို့ပြညအမှောင် ရှုခင်းလေးကိုတော့ နှစ်သက်မိပါတယ်။ အလင်းအမှောင် Tone တွေဆိုပေမယ့် အမှောင်ကို ပန်းချီကား ဘယ်ဘက် အပေါ်ပိုင်းလေးက တိုက်ခန်းတွေမှာသာ ထည့်ထားပြီး ဆိုင်းဘုတ်တွေက နီယွန်မီးအလင်းတွေ ၊ လမ်းဘေး ဓါတ်တိုင်က မီးအလင်းတွေ၊ ကားမီးရောင်က အလင်းတေနဲ့ ပြိုးပြတ်ပြီး လင်းလက် တောက်ပနေအောင် lighting တွေ ထည့်ထား ပေးထားတာကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး ရောင်ပြန်အလင်းတွေနဲ့ ပြည့်နေခဲ့ပါတယ်။
နေရောင်ရဲ့ အလင်းအားကို အရယူထားတာကြောင့် နေရောင်စူးပြီး မျက်စေ့ ကျိန်းစပ်လာစေတဲ့ ကားတစ်ကား ကိုလည်း တွေ့ရပါတယ်။ ဒီကားမှာတော့ Background က တိုက်တွေကို အပြာဖျော့ဖျော့ ခံပြီး Middleground က တိုက်တွေထဲက တိုက်ခေါင်မိုး တစ်ခုကို အဖြူလင့် ထင်းထားတာကြောင့် စူးရှနေတဲ့အပြင် Foreground က ထီးဆောင်းထားတဲ့ လူရဲ့ထီးကို အဝါနဲ့ Lighting ထဲ့ထားတာကြောင့် စူးစူးရဲရဲ လင်းလက် တောက်ပနေတဲ့ ကားတစ်ကားအဖြစ် သတ်မှတ်မိ လိုက်ပါတယ်။
ဒီကားလိုပဲ အိမ်ရဲ့ ဘေးနံရံမှာ အဝါနဲ့ အလင်းဖေါက်ထားကြောင့် စူးစူးရှရှ ပေါ်လွင်နေတဲ့ ကားကိုလည်း တွေ့ရပါတယ်။ အိမ်ဘေးမှာ အုပ်ကောင်းကောင်းနဲ့ စိမ်းမှောင်နေတဲ့ သစ်ပင်ရှိပေမယ့်၊ ဒီသစ်ပင်ရဲ့ အရိပ်က အုပ်တံတိုင်း ဘေးကလမ်းပေါ်က ဆိုက်ကားနဲ့ ကားလမ်းမတွေမှာ အမှောင်ရိပ်ထိုး နေခဲ့ပါတယ်။ အမှောင်ကို ခရမ်းနဲ့ချပြီး အလင်းကို အဝါနဲ့လင်းထားတာကြောင့် Contrast ဖြစ်တဲ့ ကားတစ်ကားလို့ ဆိုရမှာပါဘဲ။
Artist ရဲ့ မြို့ပြအပေါ်မှာ အကွက်စေ့စေ့ မြင်တွေ့ဖန်တီး နိုင်လိုက်တဲ့ကားလေး တစ်ကားကိုလည်း တွေ့ရပါတယ်။ ဒီကားမှာ တိုက်တာတွေ၊ ဈေးဆိုင်တွေ၊ လှုပ်ရှားသွားလာနေကြတဲ့ လူတွေအပြင် ဂုံးကျော် တံတားတစ်ခုရဲ့ တစ်စွန်းတစကိုပါတဲ့ သွင်းထားတာ တွေ့လိုက်ရလို့ပါပဲ။ မြို့ပြရဲ့ အရောင်တွေကို အလင်းအမှောင် Tone တွေနဲ့ ခံစား ရေးဖွဲ့ထားတဲ့ ကားတွေထဲမှာ ကားနားဆိပ်မှာ ဆိုက်ကပ်ထားတဲ့ လှေတွေ၊ နီယွမ်မီးတွေ တလက်လက်နဲ့ ခန်းလုံးပြည့် မှန်ကာထားတဲ့ Market ကြီးတွေ၊ ဆူးလေ ဘုရားကို ခပ်လှမ်းလှမ်းက ဖူးတွေ့ရတဲ့ မြင်ကွင်းတွေလည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။
ပြပွဲတစ်ခုလုံးကို ခြုံကြည့်ရင် အရောင်တွေ လင်းလက် တောက်ပနေတဲ့ မြို့ကြီး တစ်ခုလုံးမှာ လှည့်လည် လျှောက်သွား နေသလို ခံစားမှု ပေးထားတဲ့ပွဲလို့ ဆိုချင်ပါတယ်။
သူ့ကားတွေကို ကြည့်ပြီး သင်ယူ လေ့လာခဲ့သမျှ တွေထဲမှာ ကိုဝင်းဖေမြင့်ရဲ့ influence က Artist အပေါ်မှာ ပိုမို ဝင်ရောက် နေလေသလားလို့ တွေးမိပါတယ်။
|