| အရောင်များကို ချဉ်းကပ်ပြီး Abstract Art တွေဖန်တီးနေတဲ့ Artist ဦးမျိုးခင်နှင့်တွေ့ဆုံခြင်း
|
|
မန္တလေးက “ကန်းရိပ်ညို” ပန်းချီပြခန်းပိုင်ရှင် “ဦးမျိုးခင်” ဆိုတာဟာ Abstract Art တွေကိုသာ နှစ်သက်ခုံမင်စွာ ဖန်တီးရေးဆွဲနေတဲ့ Artist တစ်ဦး ဖြစ်ပါတယ်။
သူဖန်တီးထားတဲ့ ပန်းချီကားတွေကို ပီကင်းက “Tempo Petro Chemm” ပြတိုက်ပိုင်ရှင် “Baisong” က ခံစားတွေ့ရှိမိရာကနေ သူ့ကားအားလုံးကို လိုက်လံဝယ်ယူ ခဲ့တဲ့အပြင် ပီကင်းမှာ အခန်းငှားပေးပြီး သုံးလကြာအောင် အချိန်ပေး ရေးဆွဲစေပြီး တရုတ်နိုင်ငံက Traditional Artist နှစ်ဦးနဲ့အတူတူသူ့ ပြတိုက်မှာ “Meditation Art Word” ဆိုတဲ့ ပြပွဲတစ်ပွဲ ကျင်းပပြုလုပ် ပေးခဲ့ပါတယ်။
ဒါတွေအပြင် ဦးမျိုးခင်ကိုယ်တိုင် အရောင်တွေကို ချဉ်းကပ်ပြီး ခံစားရေးဖွဲ့ထားတဲ့ “Color And Artist” ဆိုတဲ့ စာအုပ်ကိုပါ ထုတ်ဝေပေးခဲ့ပြီး ပန်းချီကား တစ်ထောင် ရေးဆွဲပေးဖို့ စာချုပ်ချုပ်ဆိုတဲ့အထိ အောင်မြင်မှု ရရှိခဲ့ပါတယ်။
ဒါကြောင့် မန္တလေးရောက်စဉ်မှာ Artist ဦးမျိုးခင်နှင့် သွားရောက် တွေ့ဆုံပြီး ပီကင်းမှာ ပန်းချီရေးဆွဲခဲ့တဲ့ အကြောင်းတွေ၊ အရောင်ကို ချဉ်းကပ်ပုံ ချဉ်းကပ်နည်းတွေနဲ့ ဖန်တီးဖြစ်ခဲ့ပုံတွေကို ဆွေးနွေးမေးမြန်း ဖြစ်ခဲ့ပါတယ်။
|
Q: |
ဆရာ့ကို အရောင်တွေနဲ့ ပတ်သက်ပြီး မမေးခင် ပီကင်းမှာ ပြပွဲလုပ်ဖြစ်သွားပုံကလေးကို အရင်မေးချင်ပါတယ်။ ပြတိုက်ပိုင်ရှင် “Baisong” နဲ့ ဆက်သွယ်မိခဲ့ပုံလေးကို အရင်ပြောပြပါဦး။
|
Ans: |
မန္တလေးမှာရှိတဲ့ ပီကင်း ကောင်စစ်ဝန်ချုပ် မစ္စတာတမ်ကနေ တစ်ဆင့် အဆက်အသွယ် ရခဲ့တာပါပဲ။
ကိုယ်က မစ္စတာတမ်ကို ပန်းချီကားတစ်ကား လက်ဆောင် ပေးခဲ့ဖူးတယ်။ ကိုယ်ပန်းချီကား လက်ဆောင်ပေးရင် ဘယ်သူ့ကိုမဆို ကိုယ်ကြိုက်တာ ရွေးပေးလေ့ မရှိဘူး။ ကြိုက်တဲ့ကား ဖြုတ်သွားဆိုပြီး ယူမယ့်လူ ခံစားမိခဲ့တဲ့ကားကိုပဲ ပေးလေးရှိတယ်။ မစ္စတာတမ် “Mr. Ton” က လတိုင်းကိုယ့်ပြခန်းကို လာလေ့ရှိတော့ လက်ဆောင် ပေးဖြစ်ခဲ့တာပဲ။
ကံတရားလို့ ဆိုရမှာပေါ့လေ။ သူ့ဆီက ကိုယ်ပေးတဲ့ကားကို “Baisong” ကတွေ့သွားပြီး ကိုယ့်ဆီ လိုက်လာတယ်။ ၂၀၀၆ ခုနှစ်၊ နှစ်စလောက်မှာပေါ့။ စိတ်ဝင်စားလို့ ပန်းချီကားတွေ လိုက်ကြည့်ရင်း ကြိုက်သွားပြီး ရှိရှိသမျှကားတွေအကုန် ယူသွားတော့တာပါပဲ။ ကိုယ်ကလဲ အမြဲတမ်း ရေးနေသူဆိုတော့ ကား(၃၀၀)လောက် ရှိနေတာ အားလုံး ယူသွားတယ်။
သူ့ပီကင်းက ပြတိုက်မှာ အစက “Modern Art” ကားတွေ မရှိဘူး။ Traditional ကိုအခြေခံတဲ့ Accdamic Art ကားတွေပဲ ရှိတယ်။
နောက်ပိုင်းကျတော့ Promotion အနေနဲ့ ပြပွဲလုပ်ပေးမယ်ဆိုပြီး တရုတ် Traditional Artist နှစ်ယောက်နဲ့ အတူတွဲပြီး “Meditation Art World” ဆိုတဲ့ပွဲ တစ်ပွဲကို ပီကင်းမှာ လုပ်ပေးခဲ့တယ်။
|
Q: |
ဒီတော့ ဆရာကိုယ်တိုင် လိုက်သွားခဲ့တာပေါ့။
|
Ans: |
ဟုတ်တယ်။ ပန်းချီကားတွေနဲ့ အတူပန်းချီဆရာလည်း ရှိသင့်တယ်ဆိုပြီး ပီကင်းကို လိုက်သွားဖို့ စီစဉ်ပေးခဲ့တာပါပဲ။ နောက်တော့ ကားတွေ ထပ်ရေးဖြစ်အောင် ပင်းဗတ်(စ်)တွေ၊ ဆေးတွေ အပြည်အစုံပေးပြီး Studio ပါ သူ့ပြတိုက်ထဲမှာ လုပ်ပေးထားတာနဲ့ သုံးလကြာအောင် အေးအေးဆေးဆေး ပန်းချီရေးဖြစ်ခဲ့ပါတယ်။
|
Q: |
ပုံတွေမှာ ကြည့်ရတာ သူ့ပြတိုက်က တော်တော် သာသာယာယာ ရှိတယ်နော်။
|
Ans: |
သူ့ပြတိုက်က ပန်းခြံကြီးတစ်ခုထဲမှာ ဆောက်ထားတော့ သိပ်သာယာတယ်။ Studio ကလည်း ဒီထဲမှာပဲဆိုတော့ ကိုယ့်အတွက် စိတ်ကြည်နူးပြီး ဖန်တီးရတာ ပိုကောင်းသွားတာပေါ့။
|
Q: |
ပီကင်းမှာသွားဆွဲတော့ မြင်မြင်သမျှ အရာဝတ္ထုတွေ၊ လူတွေစတဲ့ ဆရာ့ပတ်ဝန်းကျင်က နိုင်ငံခြားနဲ့ ပါတ်သက်တာ တွေချည်းပဲလေ။
မြန်မာ့ Atmosphere ရအောင် ဘယ်လို ဖန်တီးယူခဲ့ပါသလဲ။ ကားတွေ ရေးဆွဲရတာ များတော့ အမြဲတမ်းတော့ ရင်ထဲက Atmosphere နဲ့ ဖန်တီးလို့ မရနိုင်ဘူး ထင်တယ်။
|
Ans: |
ကိုယ်က မန္တလေးသားလေ။ “နန်းတော်ရှေ့ဆရာတင်” သီချင်းတွေဖွင့်ပြီး Atmosphere ရအောင် ပြန်ယူရတာပေါ့။
ဟုတ်ပါတယ်။ ကားတွေအများကြီးဆွဲရတော့ Stress ၀င်လာတယ်။ ဒါပေမဲ့ ဒီ “Stress” က နန်းတော်ရှေ့နဲ့ ပျောက်သွားတယ်။ နောက် မြန်မာပြည်ကျောက်စိမ်း၊ “ပစ်တိုင်းထောင်” စတာတွေရဲ့ ကျေးဇူးလည်း ပါတာပေါ့။
|
Q: |
“Abstract” ကားတွေကို ဘယ်လိုခံစားပြီး ရေးဆွဲဖြစ်ခဲ့ပါသလဲ။
|
Ans: |
စိတ်ထဲမှာ ခံစားမိတဲ့အတိုင်း ဆွဲခဲ့မိတာပါပဲ။ Emotion နဲ့ဆွဲတာပေါ့။ ဒီကြားထဲမှာ Expression ထည့်နိုင်ရင်လည်း ထည့်တယ်။
ကားအားလုံးမှာတော့ မရနိုင်ဘူးပေါ့။
|
Q: |
ဆရာ့ Art Works တွေက အရောင်တွေက ပြင်းထန်တယ်။ ဒီ Art Works တွေထဲမှာ ဘာကိုအဓိက ထားခဲ့ပါသလည်း။ ဆရာရဲ့ အရောင်တွေကို ချဉ်းကပ်ပုံ ချည်းကပ်နည်းလေး သိပါရစေ။
|
Ans: |
ကိုယ့် Art Works တွေထဲမှာ အခြေခံတာကတော့ “အဖြူနဲ့ အမည်း” ဆိုတဲ့ “အလင်း၊ အမှောင်” တွေပါပဲ။
ဒီအရောင်ရဲ့ မြစ်ဖျားခံရာကို ချဉ်းကပ်ကြည့်တော့ “နေ့နဲ့ည” ဆိုတဲ့ သဘာဝ တရားက၊ ကမ္ဘာဦးလူသားတွေ အပေါ်မှာ သြဇာသက်ရောက် လာခဲ့တာ သွားတွေ့တယ်။ “နေ့နဲ့ည” ဟာ “အလင်းနဲ့ အမှောင်” လည်း ဖြစ်တယ်။
ရှေးကာလ အဆက်ဆက် ကတည်းက လူသားတွေဟာ သူတို့ရဲ့ ယုံကြည် အားထားမှုတွေ၊ ကိုးကွယ်မှုတွေအတွက် အလင်းရောင်ကို တောင့်တကြပြီး အမှောင်ကိုတော့ ရန်သူအနေနဲ့ မုန်းတည်းခဲ့ကြတယ်။ “နေ၊ လ” ကိုးကွယ်မှုဆိုတာလည်း အလင်းပဲလေ။
ဒီ “အလင်း၊ အမှောင်” ၊ “အဖြူ၊ အမည်း” တွေက လူးသားရယ်လို့ ကိုယ်ယုံကြည်ထားတယ်။ ဒီ အဖြူ၊ အမည်း ပေါ်မှာ အခြေခံပြီး ရလာတဲ့ အရောင်တွေမှာ တတိယ အရောင်တွေအထိ အရောင်စစ်လို့ သတ်မှတ်ထားတယ်။
ဒီအရောင်တွေနဲ့ ပတ်သက်တဲ့လမ်းဟာ ကိုယ် Approach လုပ်ခဲ့တဲ့လမ်းပဲ။ ကိုယ်လျှောက်ခဲ့တဲ့လမ်း၊ ဒါကြောင့် “Color And The Artist” ဆိုတဲ့ စာအုပ်ကို ရေးဖြစ်ခဲ့တာပဲ။
ဒီစာအုပ်ကို ကိုယ်ယုံကြည်ချက် အတိုင်းရေးခဲ့သလို၊ ပန်းချီကားတွေကိုလည်း ကိုယ့်ယုံကြည်ချက်အတိုင်း ရဲရဲတင်းတင်းစိတ်နဲ့ စိတ်ဝင်တစားပဲ ဖန်တီးရေးဆွဲ ဖြစ်ခဲ့ပါတယ်။
|
Q: |
ဆရာ Approach လုပ်ရာမှ တွေရှိခဲ့ရတဲ့ အရောင်တွေနဲ့ ပတ်သက်ပြီးတော့ရော ရှင်းပြပေးနိုင်မလား။
|
Ans: |
ကိုယ့်စာအုပ်ထဲမှာ ပါသလို အစအဆုံး ပြောရရင်တော့ ဒီတစ်ရက်နှစ်ရက်နဲ့တောင် လောက်မှာမဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ဒီချဉ်းကပ်မှုကို ကိုယ်ကတဘ၀လုံး နှစ်မြှုပ်ပြီးလေ့လာထားခဲ့ရတာကိုး။
အခြေခံလောက်တော့ ပြောနိုင်ပါတယ်။ ပထမဆုံး ခံစားမိတာကတော့ “အရောင်” တွေဟာ ကိုယ့်ရင်ထဲမှာ ယောက်ယက်ခပ်ပြီး လှုပ်ရှားတေကြတယ်။ အဲဒီတခဏလေး အတွင်းမှာပဲ ကိုယ်ဟာ ပန်းချီဆွဲဖို့ ဆုံးဖြတ်ချက်ချပြီးသား ဖြစ်သွားတယ်။ ဒါဟာ ကိုယ့်ဘ၀တစ်သက်တာပတ်လုံး အာရုံဝင်စားပြီး နှလုံးသားထဲမှာ စုပ်ယူထားခဲ့တဲ့ အရောင်တွေကို ပြန်လည်ရှင်သန်စေလိုက်တာပါပဲ။
ဒီလှုံဆော်မှုနဲ့ပဲ ပန်းချီစရေးခဲ့တာပါ။ အစတုန်းကတော့ ဘာအရောင်သီအိုရီ၊ ဘာအရောင်သင်္ခန်းစာတွေမှ မလေ့လာခဲ့ပါဘူး။ ဘာအစီအစဉ်မှ မရှိဘဲကိုရေးချလိုက်တာ။ ပန်းချီဆွဲဖို့ ဆန္ဒတွေပြင်းထန်လာတာ သက်သက်နဲ့ ကိုရေးပစ်လိုက်တာ ကိုယ့်နှလုံးသားထဲမှာ ရှိနေတဲ့ခံစားမှုပဲပါတယ်။ စိတ်တိုင်းရှိတဲ့အတိုင်း အရာင်တွေကစားပြီး ပန်းချီရေးရင်း အချိန်ဖြုန်းပစ်လိုက်တာ လပေါင်းများစွာပါပဲ။
ကိုယ့်ရင်ထဲမှာ ဆန္ဒတစ်ခုဖြစ်နေတာကတော့ ဒီအရောင်တွေနဲ့ စိတ်ခံစားမှုကြားထဲက ဆက်သွယ်မှုကို ရှာဖွေတွေ့ရှိဖို့ပါပဲ။ ကိုယ့်စိတ်ကူးထဲမှာ ထင်မြင်လာတာကတော့ အရောင်တွေရဲ့လှပမှု အရောင်တွေရဲ့နယ်ပယ် ကိုမြင်တွေ့ဖို့အတွက် ကမ္ဘာကြီးမှာ တည်ရှိနေတယ် ဆိုတာပါပဲ။
ဒါနဲ့ အရောင်နဲ့ ခံစားမှုကြားက ဆက်သွယ်မှုဆိုတဲ့ သဘာဝတရားကိုသွားတွေ့ပြီး ချဉ်းကပ်ဖြစ်လိုက်တာပါပဲ။
ပြေမယ်ဆိုရင်တော့ မဆုံးနိုင်ပါဘူး။ အတိုချုပ် ပြောရရင်တော့ ဒီသဘောတရားထဲကနေပဲ၊ စိတ်ကိုပေါ်လွင်အောင် ဖေါ်ဆေင်နိုင်တဲ့ အရာင်တွေ၊ သိနားလည်မှု၊ တုန့်ပြန်မှု၊ နှိုင်းယှဉ်မှု၊ ဖြည့်ဆွက်မှု၊ ပြည့်စုံမှုနဲ့ တပြိုင်နက်တည်း ဖြစ်တည်မှု စတဲ့အရောင်တွေကြားထဲကို ရောက်သွားပြီး ပျော်မွေ့နေတော့တာပါပဲ။
သီအိုရီအတိုင်းဆိုရင်လည်း ရောင်စဉ် စက်ဝိုင်းတွေ၊ အရောင်တွေရဲ့ တူညီမှု၊ ခြားနားမှုတွေ၊ အလင်းအမှောင်အရောင်အသွေးတွေ၊ အအေးရောင်အပူရောင်စတာတွေကိုလည်း အဖြည်းဖြည်းလေ့လာရင်း သိလာခဲ့ရတယ်။ အအေးရာင်မှာ ပူနွေးတဲ့ အအေးရောင်ရှိသလို အပူရောင်မှာ အေးတဲ့အပူရောင်လည်းရှိတယ်။ ဒါတွေကျတော့ အလင်းအမှောင်နေရာင်၊ လရောင်တွေနဲ့ ဆက်သွယ်နေပြန်ရော၊ တစ်ချိန်ချိန်မှာ ဒိထက်အေးအေးဆေးဆေး အချိန်ယူပြီး ပြောကြသေးတာပေါ့။
|
Q: |
ပီကင်းမှာ ရေးဖြစ်ခဲ့တဲ့ စိတ်ခံစားမှုနဲ့ သုံးတဲ့ဆေးတွေ၊ ကင်းဗတ်(စ်)တွေလည်း ပြောပေးပါဦး။
|
Ans: |
သူတို့ပြတိုက်နေရာက သိပ်လှတယ်။ ပြတိုက်ရှေ့မှာ တူးမြောင်းရှိပြီး ပြတိုက်ကလည်း ပန်းခြံထဲမှာဆိုတော့ ရှုခင်းက သိပ်ကိုလှနေတာပေါ့။
Studio က ပြတိုက်ထဲမှာဆိုတော့ အပြင်က ရှုခင်းတွေမြင်နေရတယ်။ သူတို့ဆီမှာ သစ်ရွက်ကြွေတာ သိပ်မြန်တယ်။ စိမ်းနေရာကနေ ဆောင်းဝင်လာတာနဲ့ နီလာပြီး ချက်ချင်းကြွေသွားတာပဲ။ ဓါတ်ပုံတွေလည်း အများကြီး ရိုက်လာဖြစ်တယ်။ ကောင်းကင်ကလည်း မှုန်မှိုင်းနေတာပဲ။
ဆေးကတော့ China ဆေးပါ။ ဒါပေမဲ့ သူတို့ဆီက Artist Color တွေက သိပ်ကောင်းတယ်။ Acrylic နဲ့ပဲ ရေးဖြစ်ပါတယ်။ Studio ထဲမှာ ရေးဖြစ်တာကားကြီးတွေချည်းပဲ။
၂၇’ x ၉’ ကားတစ်ကားတောင်ပါသေးတယ်။
ပတ်ဝန်းကျင်က သာယာလှပတော့ စိတ်ကြည်ကြည်နူးနူးနဲ့ ရေးဖြစ်တာပေါ့။ ပြီးတော့ ကိုယ်ကခုနပြောသလို “နန်းတော်ရှေ့ ဆရာတင်” နဲ့လည်း Atmosphere ပြန်ယူတတ်သေးတယ်လေ။
|
|
အခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် ကျေားဇူးတင်ပါတယ် ဆရာ။ ဒီထက်မက ပိုပြီးအောင်မြင်ပါစေလို့လည်း ဆုတောင်းပေးလိုက်ပါတယ်။
|
|
ခင်သန်းဖြူ (Artist & Art Writer) |
|
Back to Top
|