|
မြန်မာ့ရုပ်ရှင်နဲ့ ပတ်သက်ပြီး ဒီတစ်ပတ်တင်ပြချင်တာကတော့ ရုပ်ရှင်ကားရဲ့ ဇာတ်လမ်းဇာတ်ကွက် မဟုတ်ဘဲ၊ ရုပ်ရှင်ကားတစ်ကားရဲ့ ရည်ရွယ်ချက်ကောင်းမွန်မှု၊
ဒါရိုက်တာရဲ့ ရုပ်ရှင်အတတ်ပညာ တတ်ကျွမ်းမှု၊ တင်ပြပုံဆွဲဆောင်နိုင်နင်းမှု၊ ကိုယ်ရိုက်ကူးတင်ပြမဲ့ အနုပညာရပ်နဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင်နဲ့ စိတ်ဝင်တစား လေ့လာကာ ပီပီပြင်ပြင် တင်ပြနိုင်မှုနဲ့ ဇာတ်ကောင်တွေရဲ့ အာရုံဝင်စားမှုစတာတွေကို တင်ပြချင်ပါတယ်။
ဒီအချက်တွေနဲ့ ပတ်သက်ပြီး တင်ပြမဲ့ကားကတော့ မကြာခင်က၊ ပြန်လည်ကြည့်ရှုလိုက်ရတဲ့ ဒါရိုက်တာ “ မောင် ၀ဏ္ဏ ” ရဲ့ “ ခြေဖ၀ါးတော်နုနု ” ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။
“ ခြေဖ၀ါးတော်နုနု ” ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ခံစားကြည့်ရှုပြီး ကြိုက်နှစ်သက်ခဲ့ရတဲ့ ကားတစ်ကား ဖြစ်ပေမဲ့ ပြန်ကြည့်ဖြစ်တဲ့ အချိန်တိုင်းမှာလည်း TV ရှေ့က မထခြင်အောင် အနုပညာမြောက်စွာနဲ့ ပရိသတ်တွေကို စွဲဆောင်ခေါ်ယူထားနိုင်တဲ့ ကားတစ်ကားလို့ ဆိုရမှာပါ။
မင်းသမီးဦးစီးတဲ့ ဇာတ်သဘင်တစ်ခုကို ရိုက်ကူး တင်ပြထားတာဖြစ်ပြီး “မင်းသမီး” ဆိုတာဟာ သူမသရုပ်ဆောင် ကပြရာမှာ ဖြေဖ၀ါးတော်နုနုကို သွေးခြေဥလာပစေ၊ ပရိတ်သတ်အတွက် အလေးထားပြီး နာကျင်တာတွေ၊ မောပန်းနွမ်းနယ်တာတွေကို ကရုမစိုက်ပဲ အမြဲတမ်းကပြနိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်ကလေးဟာ ပီတိဖြစ်စရာ ကောင်းလှပါတယ်။
ဇာတ်အဖွင့်တင်ပြမှုကလည်း ဇာတ်နဲ့လမိုင်းကပ်တဲ့ တင်ပြမှုနဲ့ စတင်ထားခဲ့တာ တွေ့ရပါတယ်။ ဒါကတော့ “ အပျိုတော် ” အကနဲ့စတင်ထားတဲ့ အချက်ဖြစ်ပါတယ်။ ဇာတ်တစ်ခုမှာ “ အပျိုတော် ” အကဟာ အလွန်အရေးကြီးသလို ဒီအပျိုတော်အကနဲ့ လိုက်ဖတ်တဲ့ စားသားနဲ့ ဒိုးသံတွေကလည်း အရေးကြီးပါတယ်။ ဒါရိုက်တာ မောင်ဝဏ္ဏရဲ့ တင်ပြချက်အဖွင့်မှာကတည်းက ပရိသတ်နဲ့ သူတင်ပြမဲ့ဇာတ် တသားတည်းကိုက်ညီအောင် ဖန်တီးခေါ်ယူသွားနိုင်ခဲ့ပါတယ်။
မောင်ဝဏ္ဏရဲ့ ဒီလိုဇာတ်နဲ့ လမိုင်းကပ်အောင် ဖွင့်လှစ်တင်ပြမှုမျိုးကို ငယ်စဉ်က ကြည့်ရှုခဲ့ရတဲ့ “ ကတ္တီပါဘိနပ်စီး ၊ ရွှေထီးဆောင်း ” ဇာတ်ကားမှာလည်း တွေ့ရှိခံစားခဲ့ရဘူးပါတယ်။ ဒီကားဟာ စိတ်ကစဥ့်ကလျားဖြစ်နေတဲ့ စိတ်ဝေဒနာသည် တစ်ဦးရဲ့ ဇာတ်ဖြစ်လို့ ဇာတ်အဖွင့်မှာကတည်းက အသုဘတစ်ခုရဲ့ လှုပ်ရှားမှုမြင်ကွင်းကို အသံတိတ်ရိုက်ကူးတင်ပြရင်း ခံစားတဲ့ ပရိသတ်တွေကို စိတ်လှုပ်ရှားလာအောင်၊ ချောက်ခြားလာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
အသံတိတ်ပြနေတဲ့အတွက် ပရိသတ်ဟာ အသက်ရှုဖို့တောင် မေ့နေချိန်မှာ ရေအိုးတစ်လုံးကို ခွမ်းကနည်း ချခွဲလိုက်တဲ့အတွက် စိတ်ချောက်ခြားမှုက အမြင့်ဆုံး ရောက်ရှိသွားခဲ့ရပါတယ်။
ဒီအချက်ဟာ ဒါရိုက်တာတစ်ဦးရဲ့ ကျွမ်းကျင်တဲ့ အတတ်ပညာနဲ့ ပရိသတ်ကို သူတင်ပြမဲ့ဇာတ်နဲ့ တသားထဲ ဖြစ်သွားအောင် စွမ်းဆောင်နိုင်လိုက်မှုပါပဲ။
ဒါရိုက်တာဟာ သူတင်ပြမယ့် ဇာတ်အတွက် ဇာတ်လောက၊ အငြိမ့်လောကနဲ့ ပတ်သတ်ပြီးတော့လည်း ဇာတ်ခုံပေါ်က မြင်ကွင်းတွေသာမက ဇာတ်ခုံနောက်ကမြင်ကွင်းတွေကို သဘာဝကျကျနဲ့ ပီပီပြင်ပြင် ဖန်တီးတင်ပြနိုင်အောင် ထဲထဲဝင်ဝင် လေ့လာထားတာတွေ့ရပါတယ်။ ဒါကို “နှစ်ပါးသွားထွက်မဲ့” အခန်းကလေးမှာ ရုတ်တရက်တွေ့ရှိလိုက် ရိုက်တာပါ။ မင်းသမီး ခင်စန်း(စမ်းစမ်းအေး) နဲ့ တွဲဖက်ကရမယ့် မင်းသားက ရုတ်တရက် ချော်လဲပြီး မထနိုင်ဖြစ်သွားတဲ့အခါမှာ မင်းသား နေရာကို ပုဏ္ဏားအဖြစ် သရုပ်ဆောင်ရတဲ့ လူကြမ်းသရုပ်ဆောင် “မျိုးသိန်း” ကို အစားထည့်သွင်းလိုက်ပါတယ်။ ဇာတ်တစ်ခုမှာ ပါဝင်တဲ့ သရုပ်ဆောင်တိုင်းဟာ အနုပညာနဲ့ ပတ်သတ်ပြီး ဘယ်နေရာမဆို အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်ရမယ်ဆိုတာကို တင်ပြထားတာလေးပါ။ အံဝင်ခွင်ကျ သရုပ်ဆောင်တယ်ဆိုပေမယ့် အမြဲတမ်းကနေတဲ့ မင်းသားလောက်တော့ သူဟာ ပီပီပြင်ပြင်ကနိုင်မှာ မဟုတ်ပါဘူး။ ဒီအချက်ကိုလည်း ဒါရိုက်တာက မေ့မထားပါဘူး။ လူစားဝင်ကတဲ့ မင်းသားမျိုးညိန်းကို မင်းသားအဝတ်အစားဝတ်ပေးပြီး ဟန်ပြလောက်သာကစေကာ မင်းသမီးက မင်းသားကို ကပြဖျော်ဖြေဟန်နဲ့ မင်းသမီးစမ်းစမ်းအေးကို
“ခင်အောင်ဗလ” ( ယောင်္ကျားမင်းသမီးဦးအောင်ဗလ) သီချင်းနဲ့ ကပြသီဆိုသွားစေခဲ့ပါတယ်။ မင်းသားက ဘေးက နေမင်းသားဟန်နဲ့ အလိုက်သင့် လေးနေပေးသွားရုံပါပဲ။
ဒါပေမယ့်ပရိသတ်က ဒီအချိန်မှာ မင်းသားကိုသတိမထားမိတော့ပါဘူး။ “ခင်အောင်ဗလ” သီချင်းကိုသီဆိုရင်း ဒီသီချင်းနဲ့လိုက်ဖက်တဲ့ အမူအနွဲ့၊ အချွဲအပြစ်တွေ၊ သွက်လက်တဲ့ ကကြိုးကကွက်တွေနောက်ကို မျောပါသွားကြပြီဖြစ်ပါတယ်။
ပုဏ္ဏားက မင်းသားထွက်လုပ်လိုက်ရတဲ့အတွက် လွတ်နေတဲ့ ပုဏ္ဏားနေရာမှာ လူမရှိတော့လို့ ဇာတ်ဆရာ(ဗဂျီအောင်စိုး) ကိယ်တိုင် ပုဏ္ဏားထွက်လုပ်လိုက်ရတာကလည်း ဇာတ်ဆရာဆိုတာ အနုပညာအား
လုံးကို တတ်ကျွမ်းထားရမဲ့ “သေတ္တာမှောက်” တစ်ဦးဖြစ်နေရမယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တဲ့အချက်လို့ဆိုရမှာပါပဲ။
ဇာတ်ဆရာအနေနဲ့ ပက်လက်ကုလားထိုင်ပေါ် ဆေးတံကြီးနဲ့ ခန့်ခန့်ညားညားထိုင်ပြီး ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့ ဗဂျီအောင်စိုးကလည်း ပုဏ္ဏားအဖြစ် ပီပီပြင်ပြင် သရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်။
မင်းသမီးအဖြစ် သရုပ်ဆောင်တဲ့ စမ်းစမ်းအေးနဲ့ ပတ်မတီးဆရာအဖြစ်သရုပ်ဆောင်တဲ့ ဇော်လွင်တို့ကလည်း သူတို့ဝင်စားရမယ့်နေရာမှာ အောင်မြင်ပိုင်နိုင်စွာ ဝင်စားသရုပ်ဆောင်သွားနိုင်ကြပါတယ်။ ဇော်
လွင်ရဲ့ပတ်မအချနဲ့ စမ်းစမ်းအေးရဲ့ ခြေဖဝါးအကြွတွေကလည်း ကြက်သီးမွေးညင်းထလောက်တဲ့ အနုပညာဝင်စားမှုတွေပါပဲ။
သူတို့နှစ်ယောက် “night club” တစ်ခုမှာဆုံကြတဲ့အခါမှာ ပြောတဲ့ စကားလုံးတွေ ကလည်း အဓိပ္ပါယ် ပါပါ နဲ့ သဘာဝ ကျလှပါတယ်။ ဇတ်နားတဲ့အချိန်မှာ ဇတ်အဖွဲ့သား တွေဟာ ကျရာအလုပ် လုပ်ကြရာမှာ ပတ်မတီးဆရာဇော်လွင် ကလည်း Club အတွက် အရမ်တီးဆရာအဖြစ် လာငှားတာ လက်ခံခဲ့ရပါတယ်။
ဒီအချိန်မှာရုပ်ရှင်လောကထဲကို ရောက်သွားတဲ့စမ်းစမ်းအေးကလည်း အပေါင်းအသင်းမှား စိတ်လေပြီး night club ထဲကို ရောက်လာခဲ့ပါတယ်။ ဇော်လွင်က ဒီနေရာဟာ “ခင်စန်း” လိုမင်းသမီး တစ်ယောက်လာရမဲ့ နေရာမဟုတ်ကြောင်း ပြောတော့ စမ်းစမ်းအေးက “ရှင်တီးတဲ့ ဗုံကရောပတ်စာပါလို့လား” လို့ပြန်မေးလိုက်တဲ့ စကားလုံးလေးကလည်း ထိမိလှပါတယ်။
တစ်ကားလုံးကို ခြုံကြည့်ရင် ဒါရိုက်တာ မောင်ဝဏ္ဏရဲ့ ရိုက်ကူတင်းပြပုံ ကျွမ်းကျင်နိုင်နင်းမှု၊ ပရိသတ်ကို ဆွဲဆောင်ခေါ်ယူနိုင်မှု နဲ့ ဇာတ်လောကကို ထဲထဲ ဝင်ဝင် လေ့လာကြည့်ရှုခဲ့မှုတွေ အပြင် သရုပ်ဆောင်တွေ အာရုံဝင်စားစွာ သရုပ်ဆောင် နိုင်အောင် သွန်သင်ညွှန်ပြနှိုင်မှု တွေကို အနုပညာ မြောက်စွာ တွေ့ရှိရတဲ့အပြင် စကားလုံးရွေးချယ်မှုတွေပါ ထိမိလှတာတွေ့ခဲ့ရပါတယ်။
ဒီကားကို ခံစားရင်း ဆရာမောင်ဝဏ္ဏကို လေးစားမိသလို၊ သာဓု generation တစ်ခုလုံးကို အနုပညာ အရည်အသွေးတွေ အပြည့်ထည့်ပေးနိုင်ခဲ့တဲ့ ဆရားကြီး ဒါရိုက်တာ သာဓုကိုပါလေးစားစွာ တမ်းတမိခဲ့ရပါတယ်။
|