|

အနုပညာဆိုတာဟာ ခံစားဖို့ လွယ်ကူသလောက် ဖန်တီးတဲ့နေရာမှာ အလွန်တရာမှ အနုစိတ်ပြီး ခက်ခဲနက်နဲတဲ့ ပညာရပ် တစ်ခုပါ။ အနုပညာဟာ ခံစားသူနဲ့ ဖန်တီးသူ ထပ်တူညီတဲ့အခါ ပိုပြီးအသက်ဝင်တဲ့ ပညာရပ်ဆိုလည်း မမှားပါဘူး။ အနုပညာပန်းဆယ်မျိုး ရှိတဲ့ထဲမှာတော့ ရုပ်ရှင်နဲ့ ဂီတဟာ သာမန်ပရိသတ်တွေ အများဆုံး ထိတွေ့မှုရှိတဲ့ အနုပညာနှစ်ခုပါပဲ။ ဒီနှစ်မျိုးထဲမှာမှ ပရိသတ်
တွေကို ထပ်ပြီးတော့ ဆွဲဆောင်နိုင်တာက အရုပ်ရော၊ အသံပါပြီးပြည့်စုံတဲ့ ရုပ်ရှင်အနုပညာ ပါပဲ။
အဲလိုပရိသတ်တွေနဲ့ အမြဲတမ်း ထိတွေ့နေတဲ့ အနုပညာ ဖြစ်တာကြောင့် ရုပ်ရှင် အနုပညာကို ဖန်တီးနေကြတဲ့သူတွေမှာ ပိုပြီးတာဝန်ကြီးပါတယ်။ တခြား အနုပညာ ဖန်တီးမှုတွေကမှ တစ်ဦးတည်း၊ တစ်ယောက်တည်း ဖန်တီးရနိုင်အုံးမယ် ရုပ်ရှင်ဆိုတာတော့ အားလုံးရဲ့ပေါင်းဆည်းမှုနဲ့မှ ဖန်တီးနိုင်တာကြောင့် လွယ်လွယ်ကူကူ ဖန်တီးနိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။ အဲလိုမလွယ်ကူတဲ့
အနုပညာတစ်ခုကို ပိုင်ပိုင်နိုင်နိုင် တတ်ကျွမ်းကြလို့လည်း ဒီနေ့အနုပညာ လောကမှာ ရပ်တည်နေကြ သူတွေချည်းပါပဲ။ ဒါပေမယ့် ကိုယ်ဖန်တီးလိုက်တဲ့ အနုပညာတစ်ခုကို ရသမြောက်တဲ့ အနုပညာတစ်ခု
ဖြစ်အောင် သတိထားဖို့တော့ လိုမယ်ထင်ပါတယ်။
ပရိသတ် တစ်ယောက်ဟာ ဇာတ်ကား တစ်ကားကို ကြည့်ဖို့ အတွက် ငွေကြေးအချို့နဲ့ သူတို့ရဲ့တန်ဖိုးရှိတဲ့ အချိန်တွေပေးပြီး ကြည့်ြုက ရပါတယ်။ အဲလို ငွေကြေးတွေ၊ အချိန်တွေပေးပြီး
ကြည့်ကြ ရတဲ့ ဇာတ်ကား တစ်ကားဟာ တန်ဖိုးရှိတဲ့ အနုပညာမြောက်တဲ့ ကားလေး တစ်ကား ဖြစ်နေမယ်ဆို ပိုမကောင်းဘူးလား။ ပရိသတ်တွေရဲ့ အားပေးမှု ကြောင့် အောင်မြင်နေကြတဲ့ အနုပညာရှင်တွေဟာ ဇာတ်ကားတစ်ကား ရိုက်တဲ့အခါ ငါတို့ရဲ့ဇာတ်ကားကို သူတို့ အခကြေးငွေတွေ၊ အချိန်တွေ ပေးကြည့်ရတာ တန်မှတန်ရဲ့လားဆိုတဲ့ အချက်လေးကိုတော့ ထည့်စဉ်းစားဖို့ လိုမယ် ထင်ပါတယ်။
ဇာတ်ကား တစ်ကားကို ကြည့်လိုက်တဲ့အခါ သူတို့အတွက် Massage လေးတစ်ခုခု ရလိုက်တာမျိုး ဖြစ်ဖြစ်၊ ရင်ထဲမှာ ခံစားမူလေးတစ်ခုခု ကျန်သွားတာမျိုး ဖြစ်ဖြစ် အနုပညာခံစားမှုလေး တစ်ခုခု ရသွားတာ
မျိုးဆိုရင်တော့ ဖန်တီးသူအတွက်ရော၊ ခံစားသူအတွက်ပါ အဆင်ပြေမယ့် ဇာတ်ကားမျိုး ဖြစ်မှာပါ။ ဒါပေမယ့် အဲလိုကားမျိုးတွေဟာ အတော်လေး ရှားနေပြီလို့ ဆိုရမလားပါပဲ။ ဒီလိုကားတွေ တဖြည်းဖြည်း နည်းလာတဲ့အတွက် ပရိသတ်တွေဟာ အနုပညာခံစားမှုပိုင်းမှာ အားနည်းလာပြီး မင်းသား၊ မင်းသမီးကိုသာ အဓိကထားပြီး ကြည့်နေကြသလို ဖြစ်လာတာကြောင့် နောက်ပိုင်း လူငယ်တွေမှာ ဗဟုသုတနဲ့ အနုပညာခံစားမှုပိုင်းမှာ အားနည်းလာမှာ စိုးရပါတယ်။
အဲဒါကလည်း အခုလက်ရှိဖြစ်နေတဲ့ ရုပ်ရှင်နယ်ပယ်ရဲ့ ဈေးကွက် တစ်ခုပေါ်မှာ မူတည်နေပါတယ်။ ပရိုဂျုဆာတွေရဲ့ ငွေအင်အားပေါ်မှာ မူတည်ပြီး ရိုက်ကြရတဲ့အခါ စရိတ်ချုံ့ရင်း
ဇာတ်ကားတစ်ကားကို နေရာအနည်းငယ် အတွင်းမှာ လှည့်ပတ်ပြီး အချိန် ၅ ရက်၊ ၁ ပတ်နဲ့အပြီး ရိုက်လာကြတာတွေ ရှိလာတာတွေ့ရပါတယ်။ အနုပညာ အရည်အသွေးပြည့်ဖို့၊ အနုပညာ မြောက်ဖို့ဆိုတာကို မစဉ်းစားကြတော့ပဲ Quality ထက် Quantity ကိုသာ ဦးစားပေး လာကြတာဟာ တော်တော်ကို အရုပ်ဆိုးပါတယ်။ အဲလို Quality ထက် Quantity ဦးစားပေး လာကြသလိုပဲ ပရိသတ်တွေဖက်ကလည်း အပျော်
ကြည့်တဲ့ သဘောလောက်သာ ကြည့်လာတတ်ကြပြီး မြန်မာကားတွေကို ကြည့်ရမှာ စိတ်ညစ်လာတတ်ပါတယ်။
နောက်တစ်ချက်ကတော့ ဇာတ်လမ်းတွေထပ်ပြီး အဖန်တလဲလဲ ဖြစ်နေတာပါပဲ။ မင်းသား၊ မင်းသမီးသာ ပြောင်းသွားတယ် ဇာတ်လမ်းကျောရိုးက ဒီတစ်ခုတည်းလို ဖြစ်နေတာမျိုးတွေကလဲ Creation Power အားနည်းကြောင့်လို့ ထင်ပါတယ်။ Creation Power အားကောင်းဖို့ အတွက်ကတော့
စာများများဖတ်ဖို့နဲ့ များများတွေးဖို့က အရေးကြီးပါတယ်။ အခုနောက်ပိုင်းမှာတော့ ဒါရိုက်တာတွေရဲ့အတွေးအခေါ် အသစ်အဆန်းတွေနဲ့ အနုပညာ ဆန်းသစ်မှုတွေနဲ့အတူ သမရိုးကြကနေ ကွဲထွက်လာ
တဲ့ ထူးထူးခြားခြား ကားလေးတွေကို တွေ့လာရတာကတော့ ဝမ်းသာစရာပါပဲ။ ဒါပေမယ့် တချို့ကတော့ သူများကဒါနဲ့ ပေါက်သွားတာကြောင့် သူများတွေ လုပ်ပြီးသွားတဲ့ အချိန်အထိ ဒါနဲ့ပဲ လုပ်စားလာကြ
တာမျိုးတွေလည်း တွေ့နေရပါသေးတယ်။ ခေတ်တစ်ခေတ်ရဲ့ ဦးဆောင်သူဖြစ်ဖို့ထက် ခေတ်တစ်ခေတ်ရဲ့နောက်လိုက်ကောင်းတွေပဲ ဖြစ်နေကြတာကတော့ ကောင်းတဲ့လက္ခဏာတစ်ခု ဟုတ်မယ်မထင်
ပါဘူး။
ရုပ်ရှင်အနုပညာ ဆိုတာဟာ တစ်ဦးကောင်း တစ်ယောက်ကောင်း ဖန်တီးလို့ မရနိုင်တာကြောင့် ဝတ္ထု၊ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာအပြင် သရုပ်ဆောင်တွေ ဖက်ကလည်း ညီဖို့လိုပါတယ်။ အနုပညာ လောကထဲမှာ ရပ်တည်နေကြတဲ့ အနုပညာရှင်တိုင်းဟာလည်း ကိုယ်ကအနုပညာသည် တစ်ယောက် ဖြစ်ချင်တာလား။ မင်းသား၊ မင်းသမီး တစ်ယောက် ဖြစ်ချင်တာလားဆိုတာ
ကို ကိုယ့်ကိုကိုယ် ပြန်သုံးသပ်တတ်ဖို့ လိုပါတယ်။ မင်းသားဖြစ်ရမှ၊ မင်းသမီးဖြစ်ရမှဆိုတဲ့ အာရုံကြောင့် သရုပ်ဆောင်မှုပိုင်းမှာ အားလျော့သွား တတ်ပါတယ်။ အဓိကကတော့ မင်းသား၊ မင်းသမီးဆိုတာထက် သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်ဖို့ဆိုတာ အရေးအကြီးဆုံးပါပဲ။
အခုနောက်ပိုင်း နှစ်တွေမှာ ရုပ်ရှင်ကားကြီးတွေ အနေနဲ့လည်း International ကို ထိုးဖောက်ဖို့ ရည်ရွယ်ပြီး ကြိုးစားလာကြတာတော့ တွေ့ရတာ ဝမ်းသာစရာပါပဲ။ ဒါပေမယ့် ကိုယ်တင်
ပြချင်တဲ့ အကြောင်းအရာတွေပဲ ဦးစားပေးနေတာကြောင့် မူလဇာတ်ရုပ်ပါ ပျက်စီးသွားသလို ဖြစ်ပြီး အားလျော့ သွားတတ်ပါတယ်။ အဲဒါလေးတစ်ခုကို သတိထားလိုက်မယ် ဆိုရင်တော့ ကိုယ်ကြိုးစားထားတဲ့ ကြိုးစားမှုတွေ၊ ပေးဆပ်လိုက်ရတဲ့ အချိန်တွေ၊ ငွေပမာဏတွေ အားလုံးအတွက် ပိုပြီးအဖိုးတန်သွားမယ် ထင်ပါတယ်။ International ကိုတင်ပြဖို့ ကြိုးစားတယ်ဆိုကတည်းက တော်ရုံတော့ မဟုတ်ပါဘူး။ ဒါရိုက်တာတွေ၊ မင်းသား၊ မင်းသမီးတွေ တော်တော်များများ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေကို သွားရောက် လေ့လာနေကြတာ တွေ့ရပါတယ်။ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေကို သွားရောက်လေ့လာ နေယုံတင်မဟုတ်ပဲ။ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ နိုင်ငံတကာနဲ့ ယှဉ်နိုင်တဲ့ ရုပ်ရှင်ကားပေါင်းများစွာ ထွက်လာဖို့ဆိုတာလည်း အင်မတန်အရေးကြီးတဲ့ ကဏ္ဍတစ်ခုပါ။
ရုပ်ရှင်လောကက အနုပညာသည်တွေ အချင်းချင်းစည်းလုံးပြီး ပြည်တွင်းပရိသတ်တွေအတွက် ဖန်တီးကြတဲ့ ရုပ်ရှင်အနုပညာ ဖန်တီးမှုတွေဟာလည်း တဖြည်းဖြည်း ပရိသတ်တွေ အတွက် အကျိုးရှိပြီး ဖန်တီးသူနဲ့ ခံစားသူ တစ်ထပ်တည်းကျတဲ့ အနုပညာဖန်တီးမှုတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။
|