Guest
 
 
₪ Movies Article
ပြည်သူချစ်သော မင်းသမီးကြီး တင်တင်မူ
written by : ကျော်ဇောဟိန်း
တန်ဖိုးရှိသော ဗီလိန်များ
written by : -
အနုပညာလောကထဲက ဟာသသရုပ်ဆောင်များ
written by : လဲ့ဖြူပြာမျိုးမြင့်
နိုင်ငံတကာကိုထိုးဖောက်လာတဲ့ ကိုရီးယားအနုပညာ
written by : -
အနုပညာတွေထဲက အနုစိတ်ရတဲ့ ရုပ်ရှင်အနုပညာ...........
written by :
ရုပ်ရှင်ဒါရိုက်တာ တစ်ဦးရဲ့ အနုပညာမြောက်တဲ့ ဖန်တီးမှုတွေနဲ့ ခြေဖ၀ါးတော်နုနု
written by : ခင်သန်းဖြူ
ဆရာမောင်ယဉ်အောင်ရဲ့ အနုပညာဂုဏ်မြောက်တဲ့ “ကိုးဆယ်ဆသာလိမ့်မယ်”
written by : ခင်သန်းဖြူ
မြန်မာရုပ်ရှင် ဗီဒီယို လောက မင်းသားခေတ် ဖျက်သိမ်းပြီး သရုပ်ဆောင်ခေတ် ဖြစ်ပါစေ။
written by : အောင်ဟိဏ်း (ကျိုက်ထော်)

₪ Show Article
ဆရာမောင်ယဉ်အောင်ရဲ့ အနုပညာဂုဏ်မြောက်တဲ့ “ကိုးဆယ်ဆသာလိမ့်မယ်”

“ကိုးဆယ်ဆသာလိမ့်မယ်” ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ဆရာမောင်ယဉ်အောင်နဲ့တွဲပြီး မြို့တော် သိန်းအောင်ဇာတ်မှာ လျှမ်းလျှမ်းတောက် နာမည်ကြိးခဲ့တဲ့ ဂန္တဝင်ပြဇာတ် တစ်ပုဒ်ဖြစ်ပါတယ်။ အထူးသဖြင့် “ထန်းရွက်ပုတီး” သီချင်းက ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားကျန်နေခဲ့တဲ့ သီချင်းတစ်ပုဒ်ပါ။

ဒီလိုလျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ ”ကိုးဆယ်ဆ သာလိမ့်မယ်” ကို ဝတ္ထုဇာတ်ညွှန်းရော၊ ဒါရိုက်တာ အဖြစ်ပါ ဆရာမောင်ယဉ်အောင် ကိုယ်တိုင် ပြန်လည် ဖန်တီးပြီး ရုပ်ရှင်ဇာတ်ကားကြီးအဖြစ် ပြန်လည်အသက်သွင်း လိုက်တဲ့အခါမှာတော့ အနုပညာဂုဏ်မြောက်စွာ ရသမြောက်စွာနဲ့ ရုပ်ရှင်လောကမှာ ကိုးဆယ်ဆသာသွားခဲ့ရတဲ့ ကားတစ်ကားလို့ ဆိုရမှာပါပဲ။

“ကိုးဆယ်ဆသာလိမ့်မယ်” ဆိုတာဟာ မိဘမေတ္တာကို ဖော်ကျူးထားတဲ့ စကားလုံးလေးပါ။ မိခင်တစ်ဦးရဲ့မေတ္တာဟာ အရာရာထက် ကိုးဆယ်ဆသာအောင် ပိုပါတယ်ဆိုတာကို ဖော်ပြတဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်ပါတယ်။

ဒီဇာတ်လမ်းရဲ့အသက်ကတော့ ရွှေစာရံရွာကလေးက “ပုန်းမကြီးလယ်စောင့်နတ်တင်ပွဲ” နဲ့ “ထန်းရွက်ပုတီးလေး” သီချင်းတို့ပါပဲ။ “ပုန်းမကြီးလယ်စောင့်နတ်တင်ပွဲ” ဟာ ရိုးရာလယ်လမိုင်းတင်ပွဲဖြစ်ပြီး နတ်စင်ပေါ်မှာ တင်းတောင်း၊ ပြည်တောင်း၊ နွားရုပ်၊ လှည်းရုပ်၊ ကျောက်ပြင်၊ ဘီး၊ သနပ်ခါးတုံး၊ မုန့်ဖြူ၊ မုန့်နီတို့ တင်ရပါတယ်။ ဒီလယ်စောင့်နတ်တင်ဖို့အတွက် အုန်းသီး၊ ငှက်ပျောသီးတွေနဲ့ ပြင်ထားတဲ့ကန်တော့ပွဲကို ရွက်ရသူကတော့ အပျိုစင် စစ်စစ်ကလေးတစ်ဦးပါ။ ရိုးရာဓလေ့ ထုံးစံအရ အပျိုစင်မှ ဒီကန်တော့ပွဲကို ရွက်ရမှာ ဖြစ်ပါတယ်။

ဒီကန်တော့ပွဲကိုရွက်ပြီး ပရိသတ်ကြားထဲက လျှောက်လာတဲ့ ဂျင်းစိမ်း(နန္ဒာလှိုင်) ရဲ့ အမျိုးမျိုး ပြောင်းလဲသွားတဲ့ မျက်နှာဟာ ပရိသတ်တွေကို ရင်ခုန်လှုပ်ရှား သွားစေနိုင်ခဲ့ပါတယ်။

 ဒိုးပတ်ဝိုင်းနဲ့အတူ ထွက်ပေါ်လာတဲ့ 
                                             “လယ်လမိုင်းတင်မယ့်အပျိုစင်၊
                                               အပျိုပင်တကယ်စစ်ရဲ့လား၊
                                               အပျိုစစ်မှ လယ်ဂုဏ်ဆောင်
                                               ကန်သင်းကျိုးအောင်သီးမယ့်စပါး”
                                                                                   ဆိုတဲ့အသံတွေဟာ အပျိုစင်အဖြစ် အများသတ်မှတ် ထားတဲ့ “ဂျင်းစိမ်း” 
(နန္ဒာလှိုင်) ရဲ့ ခြေလှမ်းတွေကို တဖြည်းဖြည်း မှားလာစေသလို၊ နှလုံးသားတွေလည်း တထိပ်ထိပ် ခုန်လာစေခဲ့ပါတယ်။

သူမတစ်ဦးတည်းသာ သိထားတဲ့ (ထန်းရွက်ပုတီး) ဖြစ်လာမယ့် သူမရဲ့ ရင်သွေးလေး သူမရင်ထဲမှာ ခိုဝင်နေပြီ ဖြစ်လို့ပါပဲ။ ဒီအခန်းလေးဟာ ဂျင်းစိမ်းစ လျှောက်လာတဲ့ အချိန်ကစပြီး နောက်ဆုံး ကန်တော့ပွဲ မှောက်ကျသွားတဲ့အထိ ဂျင်းစိမ်း ရင်ထဲကိုသာမက ခံစားတဲ့ ပရိသတ်တွေရဲ့ရင်ထဲအထိပါ တထိပ်ထိပ် ခုန်နေခဲ့ရပါတယ်။

နောက်တစ်ခန်းကတော့ အဖေမရှိဘဲမွေးဖွားခဲ့ရတဲ့ သမီးလေး “ထန်းရွက်ပုတီး” ကို “ထန်းရွက်ပုတီးလေး” သီချင်း ဆိုသိတ်တဲ့ အခန်းပါပဲ။ တီးလုံးမပါဘဲ “ထန်းရွက်ပုတီးလေး” သီချင်းဆိုနေတဲ့ အသံဟာ အစ်ကိုဖြစ်တဲ့ ဆင်ပေါက် (ကျော်ရဲအောင်) နဲ့၊ ဘဘိုးသိန်း (မိုးဒီ) တို့ကို မျက်ရည်ကျစေသလို ပရိသတ်တွေရဲ့ မျက်ရည်ကိုလည်း ချူသွားနိုင်ခဲ့ပါတယ်။

ရုပ်ရှင်တစ်ကားလုံးမှာ ဒီအခန်းလေးနှစ်ခန်းဟာ အသက်သွေးကြောပါပဲ။ ချမ်းသာတဲ့ ဦးနေစိုး (ဇော်ဝမ်း) ရဲ့ သမီးဖြစ်သွားတဲ့ အခါမှာတော့ “ထန်းရွက်ပုတီး” ဟာ “ခရမ်းပြာ” အဖြစ် အသွင်ပြောင်းသွားပြီး မိခင်၊ ဦးလေး စတာတွေကိုရော၊ သူ့ဘဝကိုပါ မလိုလားတော့တဲ့အတွက် မိခင်မေတ္တာကြီးမားစွာနဲ့ ခွင့်လွှတ်သည်းခံခဲ့ရတဲ့ အခန်းတွေဟာ ရင်နင့်စရာ ကောင်းပေမယ့် ပထမနှစ်ခန်းလောက် ရင်ခုန်လှုပ်ရှားမှု မခံစားရတော့တာကြောင့် “ပုန်းမကြီးလယ်စောင့်နတ်တင်ပွဲ” နဲ့ “ထန်းရွက်ပုတီးလေး” သီချင်းဟာ ဒီဇာတ်လမ်းရဲ့အသက်လို့ ဆိုခဲ့ရခြင်း ဖြစ်ပါတယ်။

   “ထန်းရွက်ပုတီး”  သီချင်းကိုရေးစပ်သူကတော့ “ရွာစားစိန်တင်ဟန်” ဖြစ်ပါတယ်။
                                               “အသက်မကြီးသေးပါမောင်ရယ်
                                                ထန်းရွက်ပုတီးလေးနဲ့ ရွှေစာရံကို
                                                အရောက်သွားမယ်”
                                                                                 ဆိုတဲ့ စာသားလေးကို ဆရာမောင်ယဉ်အောင်က ခံစားရေးဖွဲ့ထားပြီး 
ပြဇာတ် အဖြစ်ရော၊ ရုပ်ရှင်အဖြစ်ပါ ရိုက်ကူးရာမှာ ဆရာ့အနုပညာ မြောက်မှုကြောင့် နှစ်ခုစလုံးလျှမ်းလျှမ်းတောက် အောင်မြင် 
သွားခဲ့ရတဲ့ “ကိုးဆယ်ဆသာလိမ့်မယ်”  ဟာ နောင်ခေတ်အဆက်ဆက်မှာလည်း မပျောက်ပျက် သွားနိုင်မယ့် အနုပညာ 
မဟာအောင်ပွဲ တစ်ခုပါပဲ။   
ခင်သန်းဖြူ       
(Artist & Art Writer)
Back to Top
advertisements