Guest
 
 
₪ Art Interviews
ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)
Read More Movie Interviews...

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)
₪ Interview
ပန်းချီဆရာဖြစ်ခဲ့ဘူးတဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)

Q:

ဦးမျိုးရဲ့ ပန်းချီဆရာဘဝ တစ်စိတ် တစ်ဒေသကို ပြန်ပြောပြ ပေးပါလား.....

Ans:

ဦးမျိုး ပန်းချီ စရေးတဲ့ အချိန်မှာ ၁၄ နှစ်သားပဲ ရှိသေးတယ်။ အဲဒီအချိန်မှာ ကိုသိုက် (မောင်မောင်သိုက်) ဆီ စရောက်တာ အဲဒီတုန်းက မေးတာပေါ့ “ ကျွန်တော်အသက် ၂၅ နှစ်မှာ အဲဒီလို ရေးနိုင်မလားပေါ့” သူက "မင်းဘာလို့ မရေးနိုင်ရမှာလဲ။ ကြိုးစားရင် ရေးနိုင်တာပေါ့" တဲ့ အဲဒီကနေပြီး ဒီပန်းချီထဲမှာပဲ မြှုပ်လိုက်တာ တကယ် ရေးတတ်တာ ၂၂ နှစ်မှာ မျက်နှာဖုံးပန်းချီ စရေးခဲ့တာပေါ့။ ပထမဆုံး ဦးမောင်မောင်သိုက်ဆီ ရောက်တယ်။ နောက် ဦးတင်မောင်မြင့်ဆီ ရောက်တယ်။ အဲဒီကနေမှ ဦးမျိုးမြင့်နဲ့ တွဲဖြစ်တယ်။ အဲဒီကနေ နောက်တော့ Illustrator ပေါ့။ ပန်းချီသရုပ်ဖော် ကနေမှ မျက်နှာဖုံးပန်းချီကို လုပ်ဖြစ်တာ။ ကလျာမဂ္ဂဇင်း မှာ ဦးဝဏ္ဏ(ဒါရိုက်တာမောင်ဝဏ္ဏ) နဲ့တွဲပြီး Design Editor ဖြစ်လာတယ်။ နောက် ချယ်ရီတို့ ပေဖူးလွှာတို့၊ မဟေသီတို့ပေါ့။ မဟေသီမှာ ၂ နှစ်ကျော်ကျော်လောက် လုပ်ခဲ့တယ်။ မဂ္ဂဇင်းတွေ လုပ်ရာကနေ ဗီဒီယိုတွေ ပေါ်လာတယ်။ ဗီဒီယိုတွေ ပေါ်လာတဲ့အခါ ဗီဒီယို ဒီဇိုင်းတွေ လုပ်တယ်။ အဲဒီတုန်း က ဒီဇိုင်နာ ရှားတဲ့ အချိန်ပေါ့။ ဒီဇိုင်နာတွေ အကုန်လုံးက လက်နဲ့ လုပ်ရတာ။ ကွန်ပျူတာတွေ မပေါ်သေးဘူး။ ဒီဇိုင်နာတွေ လိုက်ရွေးကြတဲ့အခါ ဦးဆီကို တော်တော်များများ ရောက်လာတယ်။ ဘာဖြစ်လို့လဲဆို ဦးက ဆရာဦးတင်မောင်မြင့် ဆီမှာ ရုပ်ရှင်ဒီဇိုင်းတွေ အများကြီး လုပ်ခဲ့ရတယ်။ အဲဒီတော့ သူ့ဆီမှာ များတော့ သူမနိုင်တဲ့ဟာတွေ ဦးဆီိကို ရောက်လာတယ်။ ရောက်လာတော့ လုပ်ရင်း လုပ်ရင်းနဲ့ ဗီဒီယိုကား ၁၀၀ မှာ ၈၀ လောက်က ဦး ဒီဇိုင်းတွေ ချည်းပဲ။ အဲဒီလို ဗီဒီယို ဒီဇိုင်နာအဖြစ် ရောက်သွားပြီးတဲ့ အချိန်မှာ မနက်ဆို အိပ်ယာထတာနဲ့ မျက်နှာဖုံး အပ်ထားတဲ့ သူတွေက ထိုင်စောင့်နေတာ။ သူတို့လာစောင့်နေတော့ ကြိုက်ကြိုက် မကြိုက်ကြိုက် sign ထိုးပေးလိုက်ရတာကြီးကို စိတ်ညစ်လာတယ်။ စိတ်ညစ်လာတော့ ဘာစိတ်ကူးလဲဆိုတော့ ပန်းချီတွေရေးရင်းနဲ့ ပါးစပ်နဲ့ ရုပ်ရှင်ရိုက်ကြတာပေါ့။

Q:

ပန်းချီလိုင်းကနေ ဒါရိုက်တာ လိုင်းဘက်ကို ဦးမျိုး ဘယ်လို ရောက်ဖြစ် လာခဲ့တာပါလဲ။

Ans:

စိုးကျော်စန်းတို့၊ နေမျိုးတို့နဲ့ပေါ့။ ပန်းချီကားတွေ ရေးနေရင်းနဲ့ ပါးစပ်နဲ့ ရုပ်ရှင်ရိုက်တာပေါ့။ အဲဒီတုန်းက ဗီဒီယို အပေါ်စက် အောက်စက် မဝယ်နိုင်ကြဘူး။ အဲဒီတော့ တစ်လတစ်ခါ ငှားပြီး အခန်းထဲမှာ စုကြည့်ကြတယ်။ အဲလို စုပြီး အခွေ ၁၀ ခွေလောက် ငှားပြီး တစ်ညလုံး ထိုင်ကြည့်တာ။ ၁၀ ခွေလောက် ကြည့်ပြီးရင် အဲဒီ ၁၀ ခွေအကြောင်းကို တစ်လလုံး ထိုင်ပြောတာ။ နောက်တစ်လကြာမှ တစ်ခါ ကြည့်ရမှာလေ။ အင်္ဂလိပ်ကားဆိုလည်း အဲဒီကားကို ဗမာလိုဆို ဘယ်လို ပြင်ရိုက်မယ်။ ဗမာကား ဘယ်သူ ရိုက်ထားတာ ဘယ်လိုပေါ့။ အဲဒါတွေ ပြောရင်း ပြောရင်းနဲ့ ပါးစပ်နဲ့ ရိုက်တာ။ အဲဒီအချိန်မှာ သူငယ်ချင်း စိန်ဌေး ဗီဒီယိုကနေ ခင်ဗျား ရိုက်ပါလားတဲ့။ အဲဒီတုန်းက ကိုယ့်ဘာသာ ထုတ်ရိုက်မယ်ဆို ရိုက်နိုင်တယ်။ ဒါပေမဲ့ “ငါဘယ်တော့မှ ထုတ်မရိုက်ဘူးလို့” ဘာဖြစ်လို့လည်းဆို “ငါဟာ ထုတ်လုပ်သူတစ်ယောက် ကိုတောင်မှ ငါနဲ့ ရိုက်ချင်လာအောင် မစည်းရုံး နိုင်ဘူးဆိုရင် ပရိသတ် သန်း ၅၀ ကို ငါဘယ်လို စည်းရုံးမလဲ” “ဘယ်လိုမှ ငါ့ကားကို ကြည့်အောင် စည်းရုံးနိုင်မှာ မဟုတ်ဘူး” လို့။ “အဲဒီလို ပြောနိုင်တာကိုက ငါ့ရဲ့ စွမ်းရည် စမ်းသပ်ပွဲပဲလို့” ဆိုပြီး ကိုယ်ရည်ကိုယ်သွေး စမ်းသပ်ပွဲ လုပ်ခဲ့တယ်။ အဲဒီကနေစပြီး ဒါရိုက်တာဘက်ကို ရောက်လာတယ်။

Q:

ဦးမျိုးရဲ့ “နှင်းဆီဝိုင်” ကားလေးက ပထမဆုံး ပရိသတ်လက်ထဲ ရောက်ခဲ့တာနော်။

Ans:

ပထမဆုံး စရိုက်ဖြစ်တာကတော့ “တိမ်ပြိုမိုး” ပေါ့။ ဒါပေမဲ့ ထွက်တော့ “နှင်းဆီဝိုင်” က အရင် ထွက်သွားတယ်။ “နှင်းဆီဝိုင်” ရိုက်တုန်းကလဲ ဦးမျိုးက ကိုယ့်စိတ်ကူး ကလွဲလို့ ဘာမှ မသိဘူး။ ဒီလို ရိုက်ချင်တယ်။ ဒီလိုပုံစံ လိုချင်တယ်ပေါ့။ အမှန်တော့ ဗီဒီယိုဆိုတာ ကိုယ့်စိတ်ကူးထဲမှာ ထင်ထားတဲ့ အရုပ်ကို လက်ရှိ အခြေအနေနဲ့ တွဲဖက်ပြီးတော့ ရိုက်ရတာပေါ့။ ဦးမျိုးက ဘာဆိုးလဲဆို ကိုယ့်စိတ်ကူးထဲမှာ ထင်ထားတဲ့ အရုပ်ကို မရရအောင် လိုက်ရိုက်တာလေ။ စဉ်းစားကြည့်လေ။ မင်းသား မင်းသမီးအနေနဲ့လည်း တစ်နေ့လာလဲ ဒီနှင်းဆီပန်းကို ဒီနားမှာ ကပ်တယ်။ ဒီစကားပဲ ပြောရတယ်။ ပြီးရင် အဝတ်အစားလဲ။ ဒီနေရာကို နောက်တစ်ခါ ထပ်လျှောက်တယ်။ ဒီလိုပဲ နှင်းဆီပန်းကို ကပ်တယ်။ ဒီစကားပဲ ပြောရပြန်တယ်။ ၇ ခါ ဆိုတော့ နည်းနည်းတော့ လွန်လာပြီလေ။ ဒီကားကလည်း ဘယ်လိုမှ မကောင်းနိုင်ဘူးပေါ့။ ထွက်ရင်တော့ ငါတို့တော့ Go တော့မယ်ထင်တယ်။ ဘာတွေ လျှောက်ရိုက်နေမှန်း မသိဘူးပေါ့နော်။ သူတို့စိတ်ထဲမှာ အဲလိုထင်တာပေါ့။ မတင့်ဆိုလည်း အခုဆို တကယ့် ညီအစ်ကို မောင်နှမတွေလို ပြန်ပြောပြတာ။ “အဲဒီတုန်းက ငါကွာ မင်းကို ဘယ်လိုမှ အထင်ကြီးလို့မရဘူး။ ဘာတွေ လျှောက်ရိုက်နေမှန်း မသိဘူး။” ငါအဲလိုထင်ထားတာတဲ့။ “နှင်းဆီဝိုင်” လည်း ထွက်လာရော သူတို့ ကားတွေပေါ်မှာ နှင်းဆီပန်းတွေက ရဲရဲတောက်ပဲ။ မောင်မိုးကားဆိုလည်း မနက်အိပ်ရာထတဲ့အချိန်မှာကို ကားဘောနက်ပေါ်မှာ နှင်းဆီပန်းတွေနဲ့။ မတင့်ကားပေါ်မှာလည်း နှင်းဆီပန်းတွေနဲ့ အဲလိုကို ဖြစ်သွားတာ။ အဲဒါလေးကတော့ အမှတ်တရပေါ့။

Q:

ကားတွေ ရိုက်ရင်းနဲ့ နောက်ပိုင်းမှာ ဦးမျိုး ပြဇာတ်တွေ လုပ်ဖြစ်သေးတယ်နော်။

Ans:

“နှင်းဆီဝိုင်” နဲ့ “တိမ်ပြိုမိုး” ရိုက်ပြီးတော့ “အတွင်းကြေ” ဆိုတဲ့ ကားတစ်ကား ရိုက်သေးတယ်။ အဲဒီ ၃ ကားရိုက်ပြီးတော့ ၁ နှစ်တိတိ ငုတ်တုတ် ထိုင်နေရတယ်။ ဘာလို့လဲဆို ဦးမျိုးကို အပ်မယ့်သူမရှိလို့။ Producer တွေက ဘာပြောလဲဆို ဦးမျိုးက ၁ သိန်း ပြန်ပေးမယ် ဆိုရင်တောင် ဦးမျိုးကို မရိုက်ဘူးတဲ့။ အဲဒီတုန်းက ဒါရိုက်တာကြေးက ၁သိန်းလေ။ ဘာဖြစ်လို့လဲသိလား။ ကောင်းအောင် ရိုက်လို့တဲ့။ စိတ်တိုင်းကျ ရိုက်လို့တဲ့။ အဲဒီအချိန်မှာ ဘာလုပ်ရလဲဆိုတော့ ကိုယ်ဖြစ်ချင်တဲ့ အတ္တနဲ့ Commercial ဆိုတဲ့ဟာနဲ့ ရောရတယ်။ ကိုယ့်ဘက်ကစပြီး လျော့ပေးလိုက်တဲ့ အချိန်မှာ သဟဇာတ ဖြစ်သွားတယ်။ အဲဒီမှာ တတိယမြောက် တွန်းအားဖြစ်တဲ့ “သူရဲလေးကောင်” ပြဇာတ်ကို စလုပ်ခဲ့တယ်။ “သူရဲလေးကောင်” ပြဇာတ်က တအား အောင်မြင်သွားတယ်။ အဲဒီအချိန်မှာ ပြဇာတ်ဘက်ကို ဆက်နေလိုက်တာ နောက် “ပုဏ္ဏားများနဲ့ကခုန်ခြင်း” တို့ဘာတို့ ဖြစ်လာတယ်။ အခုနောက်ဆုံးတော့ “နှင်းဆီသခင်” အငြိမ့်ပေါ့။

Q:

ဦးမျိုး အခုချိန်မှာရော ပန်းချီဆရာဘဝကို နည်းနည်းလောက် ပြန်မလွမ်းမိဘူးလား။

Ans:

နည်းနည်းမဟုတ်ဘူး။ အများကြီး လွမ်းတာ။ အများကြီး လွမ်းရတဲ့ အကြောင်းအရင်းက ပန်းချီဆွဲတဲ့ အရသာက ကိုယ်တစ်ယောက်တည်း အရှင်သခင်။ ကိုယ်သာ အရှင်သခင်။ ကိုယ့်ရဲ့ စုတ်ချက်ပေါ်မှာ ကိုယ့်ဆုံးဖြတ်ချက် ရှိတယ်။ ကိုယ့်ရဲ့ စုတ်ချက် အပေါ်မှာ ကိုယ့်သြဇာရှိတယ်။ သူများတွေ ဘယ်လောက်ကြိုက်ကြိုက် ဒီကားကို ကိုယ်မကြိုက်ဘူးဆိုရင် ဆွဲစုတ်လိုက်ပိုင်ခွင့် ရှိတယ်။ အဲဒီအတွက် Canvas တစ်ချပ်ဖိုးနဲ့ ဆေးဖိုးနဲ့ ဘောင်တစ်ခုပဲ ဆုံးတာ။ ဒါမှမဟုတ် စာရွက်တစ်ရွက်ပဲ ဆုံးတာ။ ဘာမှ ဂရုစိုက်စရာမလိုဘူး။ ဟိုမှာက လူအများကြီးနဲ့ လုပ်ရတာ။ အဲဒီလူအများကြီးနဲ့ ကိုယ်နဲ့ သင့်မြတ်အောင် နေရတာ။ လူအများကြီးကို သည်းခံနေရတဲ့ကိစ္စ အဲဒါတွေ များလာတဲ့အချိန်မှာ အရမ်းလွမ်းတယ်။ အာဏာရော၊ သြဇာရော၊ လုပ်ပိုင်ခွင့်ရော၊ ဆုံးဖြတ်ချက်ရော၊ မာန်ရော၊ မာနရောက ပန်းချီဆရာရဲ့ ခြေမှုန်တစ်မှုန်တောင် မမီနိုင်ဘူး။

Q:

မြန်မာ သူရဲကားတွေ ရိုက်လေ့ မရှိတဲ့အချိန်မှာ ဦးမျိုး သူရဲကား ရိုက်ခဲ့တယ်နော်။ ဦးမျိုး ဘယ်လို စိတ်ကူးမျိုးနဲ့ ရိုက်ဖြစ် ခဲ့တာပါလဲ။ နောက်ပိုင်း သူရဲကားတွေ အများကြီး ရိုက်လာကြတာလည်း တွေ့ရတယ်နော်။

Ans:

ဦးမျိုးက ငယ်ငယ်ကတည်းက သူရဲကားကြိုက်တယ်။ အဲဒီအချိန်မှာလည်း စိတ်ကိုက အရမ်းရိုက်ချင်တာ။ ခေတ်ကလည်း တောင်းဆိုလာတယ်။ ဇာတ်တွေကလည်း ချစ်ကြိုက်ကွဲညား တွေ များနေတယ်။ အဲဒီထဲက ရုန်းမထွက်နိုင်ဘူး။ ဦးမျိုးက အဲဒီထဲကနေ ရုန်းထွက်ပြီး ရိုက်ခဲ့တယ်။ အဲဒီအချိန်မှာ ခေတ်တစ်ခေတ် ဖြစ်သွားတယ်။ နောက်တစ်ခုက ဦးမျိုးက ခေတ်တစ်ခေတ်ရဲ့ နောက်လိုက် မဖြစ်ချင်ဘူး။ ကိုယ်က ခေတ်ရဲ့ လမ်းဖောက်သူပဲ ဖြစ်ချင်တယ်။

Q:

မျှော်လင့်ခြင်းများစွာ ကားရိုက်ခဲ့တုန်းကရော ဦးမျိုး အကယ်ဒမီမှန်းပြီး ရိုက်ခဲ့တာမျိုးလား။

Ans:

ဦးမျိုးက ဘယ်ကားကိုမဆို ကိုယ်တတ်နိုင်သလောက် ကောင်းအောင် ရိုက်တယ်။ ဘယ်အလုပ်ကို မဆိုပေါ့ ကိုယ်လုပ်တဲ့ အလုပ်ကို အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် လုပ်တယ်။ ဒါဦးမျိုး အလုပ်လုပ်တဲ့ ပုံစံပဲ။ မျှော်လင့်ခြင်းများစွာမှ မဟုတ်ဘူး။ တိမ်ပြိုမိုး စရိုက်ခဲ့ ကတည်းက ဒီနေ့အထိ ဦးမျိုးရိုက်ခဲ့တဲ့ ကားတိုင်းကို အကောင်းဆုံး ဖြစ်အောင် ဦးမျိုးဘက်က ရိုက်ခဲ့တာ ချည်းပဲ။ အကယ်ဒမီကို မှန်းပြီးတော့ လုပ်တယ် ဆိုတာမျိုး မရှိခဲ့ဖူးဘူး။ ပရိသတ်တွေအတွက် အကောင်းဆုံး ဖြစ်အောင် လုပ်ခဲ့တယ်။ ကားတစ်ကားကို ရိုက်ပြီဆိုရင် ဒီကားတစ်ကားကို ပရိသတ်တွေ ပိုက်ဆံပေးပြီး ကြည့်ရတာ တန်ရဲ့လား ဆိုတာမျိုးလည်း အမြဲတမ်း စဉ်းစားတယ်။ ဒါပေမယ့် အခု အကယ်ဒမီရတယ် ဆိုတော့လည်း ဒါလေးက အမှတ်တရပေါ့။

Q:

မောင်မျိုးမင်းဆိုတဲ့ အနေအထားကို ကျေနပ်နိုင်ပြီလား။

Ans:

မကျေနပ်နိုင်ဘူး။ အဲဒါက အတ္တပဲ။ အဲလိုအတ္တကြီးမှလဲ အနုပညာသမားပီသတယ်။ အနုပညာသမားဆိုတာ ထိုက်သင့်တဲ့ အတ္တရှိသလို ရက်ရောတယ်။ စွန့်လွှတ်မှုလဲရှိရတယ်။ ဒီလောက်နဲ့ပြီးလားဆို မပြီးသေးဘူး။ လုပ်စရာ အိပ်မက်တွေ၊ စိတ်ကူးတွေလဲ အများကြီးရှိနေသေးတယ်။ အဲဒါတောင်မှမသေခင်မှာ ပြီးအောင်လုပ်နိုင်ပါ့မလားလို့ စိတ်ပူနေတာ။ မလောက်လွန်းလို့ အချိန်က တိုတောင်းလွန်းလို့ အရမ်းကို လုပ်စရာတွေများလွန်းလို့။ ၁၄ နှစ်က စခဲ့တာ ၂၅ နှစ်မှာ ပန်းချီဆရာဖြစ်သွားခဲ့တယ်။ ငါ ဘယ်အချိန်မှာ ဘယ်အနေအထားရောက်ရမယ်လို့ အောင်မြင်မှုကို ဆုပ်ကိုင်ထားတယ်။ အသက် ၃၅ နှစ်မှာ ဒါရိုက်တာဖြစ်ရမယ် မဖြစ်ရင် အဲဒီအချိန်မှာ ရိုက်ကွင်းမှာ မီးထိုးတာဖြစ်ဖြစ် လိုက်ထိုးမယ်လို့ စိတ်ကူးထားတယ်။ တကယ်ဖြစ်ခဲ့တာက အသက် ၃၀ မှာ ဖြစ်ခဲ့တယ်။ နောက်တစ်ခုအနေနဲ့ အသက် ၅၀ မှာ ပြည်ပကို လှမ်းနိုင်တဲ့ ဒါရိုက်တာတစ်ယောက်ဖြစ်ရမယ်လို့ ဆုံးဖြတ်ထားတာ။ အဲဒီအချိန်ကြ မရောက်သေးလို့ရှိရင် အဲဒီအလုပ်က ကိုယ့်ကိုကျဆုံးစေတာပဲ။ တခြားနည်းလမ်းနဲ့ အနုပညာကိုဆက်လုပ်ရမယ်။

Q:

ဦးမျိုး ရိုက်ခဲ့တဲ့ ဇာတ်ကားတိုင်း လိုလိုမှာ Creat လုပ်ထားတာ တွေ့ရတယ်။ အဲဒီအတွက်တော့ ဦးမျိုး စာတော်တော် ဖတ်ရမယ် ထင်တယ်နော်။

Ans:

စာဖတ်ရတာပေါ့။ ဦးမျိုးတို့ စာတွေ ဖတ်ဖို့ လိုတယ်။ ဦးမျိုး တစ်သက်လုံးမှာ အကြိုက်အနှစ်သက်ဆုံး အရာက အခွေကြည့်တာနဲ့ စာဖတ်တာပဲ။ ပန်းချီဆရာဘဝမှာ မျက်လုံးက စောစောစီးစီး ဒုက္ခရောက်တာ ရောက်သင့်ပါတယ်။ ပန်းချီဆရာ အလုပ်ဆိုတာ မျက်လုံးနဲ့ အလုပ်လုပ်တာ။ မျက်လုံးနဲ့ အလုပ်လုပ်ပြီးတော့ ဦးမျိုးရဲ့ အပန်းဖြေမှုက ဘာလဲဆို အခွေကြည့်တယ်။ အခွေကြည့်တာ ငြီးငွေ့သွားရင် စာဖတ်တယ်။ အဲဒီအတွက် မျက်လုံးကို သုံးရတာ။ မျက်လုံးမရှိရင် ဦးမျိုးဘဝက သေဆုံးခြင်းပဲ။ ဒီတော့ အကြောက်ဆုံးကလည်း မျက်စိကန်းမှာကို အကြောက်ဆုံးပဲ။ မျက်စိကန်းတယ် ဆိုတာလည်း အမြင်အာရုံ မျက်စိကန်းတာထက် အသိပညာ မျက်စိကန်းတဲ့ သူတွေက တော်တော် ဝမ်းနည်းစရာ ကောင်းတယ်။ အသိပညာအတွက် အမြဲတမ်း မျက်စိပွင့်နေဖို့ လိုတယ်။

Q:

ဦးမျိုးကားတွေရိုက်တဲ့အခါ ဇာတ်ညွှန်းကို တော်တော်လေး ရွေးတယ်နော်။

Ans:

ဟုတ်တယ်။ ရွေးတယ်။ တော်တော်များများ နောက်ပိုင်း တချို့ဟာတွေ ကိုယ်တိုင်ရေးဖြစ်တယ်။ တချို့ဟာတွေလည်း ကိုယ်စိတ်ချရတဲ့သူတွေနဲ့ ရေးဖြစ်တယ်။ အထူးသဖြင့် ဇာတ်လမ်းက ကိုယ့်ဟာကိုယ်ပဲ များတယ်။

Q:

ဦးမျိုး လက်ခံထားတဲ့ ဒါရိုက်တာကောင်းတစ်ယောက်ရဲ့ အရည်အချင်း ဆိုတာကိုလည်း ပြောပြပေးပါဦး။

Ans:

ဒါရိုက်တာကောင်း တစ်ယောက်မှာ ဘာရှိလဲဆို ကိုယ်လုပ်ရမယ့် အလုပ်အပေါ်မှာ ဘယ်လောက်အထိ မြှုပ်နှံနိုင်လဲ။ စိတ်ရော ကိုယ်ရောပေါ့။ ဒါရိုက်တာ တစ်ယောက်က အနုပညာဆိုတာ ဘာလဲဆိုတာက စရတာပဲ။ What is Art? အနုပညာ ဘာလဲဆိုတဲ့ စကားလုံးက ဒီအနေ့အထိ ငြင်းခုံလို့ မပြီးဘူး။ ဒါပေမယ့် ဦးမျိုးတို့ နားလည်ထားတဲ့ အနုပညာဆိုတာ ရိုးရိုးလေးပဲ။ အရိုးသားဆုံး အနုစိတ်တဲ့ပညာ။ ဘယ်လောက်အထိ အနုစိတ်သလဲ ဆိုရင် သူက စိတ်ပိုင်းဆိုင်ရာ ခံစားမှုပေါ့။ ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့အရာ ဒီလူ့စိတ်ထဲကို ဘုန်းခနဲ ရောက်သွားတဲ့အထိ အနုစိတ်နိုင်မှ အနုပညာလို့ တယ်တယ်။ အဲဒီတော့ ဘယ်လောက် အနုစိတ်နိုင်မလဲ။ အနုစိတ်နိုင်တဲ့သူက အရည်အချင်းကောင်းပဲ။

Q:

ဒါရိုက်တာ တစ်ယောက်အနေနဲ့ မဟုတ်ပဲနဲ့ ဦးမျိုးရဲ့ အနုပညာသည်ဘဝကို ဘယ်အချိန်မှာ ဘယ်လို အနေအထားမှာ ဘယ်လို အနုပညာနဲ့ အဆုံးသတ်မယ်လို့ ဆုံးဖြတ်ထားတာမျိုး ရှိပါလား။

Ans:

ဦမျိုး ကျန်းမာရေး ကောင်းနေသရွေ့ အသက်ရှင်နေသရွေ့ အဆုံးသတ်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အနုပညာဆိုတာ ဖန်တီးမှုတိုင်းလည်း အနုပညာ မဟုတ်ဘူး။ တခါတလေ အနုပညာသမားပေါ့. အသက်ကြီးနေတဲ့ အနုပညာသမားတွေဆို သူတို့ ပါးစပ်က ထွက်တဲ့ စကားကအစ အနုပညာ ဖြစ်နေတာ။ သူတို့ တွေးတဲ့ အတွေးကိုက ကြည့်စမ်းကွာ ဘာလေးကို ကြည့်လိုက် ဘယ်လိုလှတာ။ သူတို့တွေက ရှုထောင့်နောက်တစ်မျိုးက ဘယ်လိုပြလိုက်ရင် ဘယ်လိုလှသွားမယ် ဆိုတာမျိုး သူတို့မှာ သူများနဲ့ မတူတဲ့ အတွေးတွေရှိတယ်။ အဲဒါကိုက အနုပညာ...

Q:

အနုပညာကို အနိုင်နဲ့ပိုင်းလိုက်ဖို့ရော ဦးမျိုး စိတ်မကူးဖူးဘူးလား။

Ans:

မကူးဘူး။ အဲဒါကို အနိုင်နဲ့ ပိုင်းတယ်လို့ တစ်ခါမှ မမြင်ဘူး။ အဲဒါ အရှုံးပေး သွားတယ်လို့ပဲ မြင်တယ်။ အဲလို အနိုင်ပိုင်းသွားတဲ့ သူဟာ ကြောက်လို့ ထွက်ပြေးသွားတဲ့ လူတွေလို့ပဲ စွပ်စွဲတယ်။ တကယ့် အနုပညာ သမားက နောက်ဆုံး ထွက်သက်အထိ အနုပညာပဲ။

Q:

ဦးမျိုးအနေနဲ့ လူငယ်တွေကို ဘယ်လိုများ အကြံပေးချင်ပါလဲ။

Ans:

အရင်ဆုံး ကိုယ့်ကိုကိုယ် နားလည်အောင် ကြိုးစားပါ။ တခါတရံမှာ ကလေးတွေက သူများတွေကို နားလည်အောင် ကြိုးစားတယ်။ သူတို့ကိုယ် သူတို့ နားလည်အောင် လုပ်ဖို့ မေ့နေကြတယ်။ သူ့တို့ကိုယ်သူတို့ နားမလည်ဘူး။ အဲဒါ အရမ်း အရေးကြီးတယ်။ မိမိကိုယ်မိမိ နားမလည်ရင် မလွယ်ဘူး။

Q:

အခုလို အချိန်ပေးပြီး စိတ်ရှည်လက်ရှည် ဖြေပေးတဲ့အတွက် ဦးမျိုးကို ကျေးဇူးတင်ပါတယ်။

Ans:

ဦးမျိုးကလည်း ကျေးဇူးတင်ပါတယ်။

လဲ့ဖြူပြာမျိုးမြင့်
Back to Top
advertisements