Guest
 
 
₪ Watch this
အမှန်တရား

₪ Movie Review
Entertainment.phoewa.com
အမှန်တရား

အကယ်ဒမီ ကျော်ရဲအောင်ဟာ သက္ကရာဇ် ခေတ်ရထားကို သရုပ်ဆောင် အနုပညာရှင်ဘဝနဲ့ နှစ်ပေါင်းများစွာ အောင်အောင် မြင်မြင် စီးနင်းလိုက်ပါလာသူ ဖြစ်ပါတယ်။ သူဟာ ဘဝကပါလာတဲ့ ပါရမီ၊ တစိုက်မတ်မတ် မဆုတ်မနစ် ဆောင်ရွက်တတ်တဲ့ လုံ့လဝီရိယ၊ ပြီးတော့ ပရိသတ်အပေါ်မှာ ထားရမယ့် မေတ္တာတရားတွေကို အခြေခံပြီး သရုပ် ဆောင်လာတဲ့အတွက် အစလဲကောင်း အလယ်လဲ အောင်မြင်ရုံမက၊ မျက်မှောက် ကာလမှာလည်း ဂုဏ်သိက္ခာရှိတဲ့ နာမည်နဲ့ ရပ်တည် နေနိုင်သူ ဖြစ်ပါတယ်။

ဒီလိုဖြစ်အောင်လည်း သူဟာ ဇာတ်လမ်းမရွေး ဇာတ်ကောင်မရွေးပဲ ပေးလာတဲ့ တာဝန်ကို ဒါရိုက်တာလည်း သဘောကျ၊ ပရိသတ်လည်း လက်ခံအောင် စေတနာသုံးတန် ပြဌာန်းပြီး ကျေကျေပြွန်ပြွန် ထမ်းဆောင်လျက် ရှိပါတယ်။ ဒါကြောင့်လည်း သူဟာ နိုင်ငံတော်က ချီးမြှင့် မြှောက်စားတဲ့ ရွှေစင်ရုပ်တု ကိုပါမက ပရိသတ်ရဲ့ မရေတွက်နိုင်တဲ့ မေတ္တာတရားတွေကိုပါ အဟောသိကံ ရရှိနေပါတယ်။ ကောင်းမြတ်တဲ့ အနုပညာ ဂုဏ်သိက္ခာ အပြည့်အဝနဲ့ပဲ ဖြစ်ပါတယ်။

အခုလည်း သူဟာ စည်သူမောင်ရဲ့ အစီအစဉ်နဲ့ “PRIME ART” ဗီဒီယို ထုတ်လုပ်ရေးက စနစ်တကျ ငွေကုန်ကြေးကျ မြောက်မြားစွာခံပြီး ရိုက်ကူးလိုက်တဲ့ DVD ဇာတ်ကားတစ်ကားမှာ ဦးဆောင်ဦးရွက်ပြုပြီး ပြောင်ပြောင်မြောက်မြောက်သရုပ်ဆောင် ပေးထားပါတယ်။

ဒီ DVD ဇာတ်ကားကတော့ အခြား မဟုတ်ပါဘူး။ မြင့်ဦးဦးမြင့်ရဲ့ ဝတ္ထုနဲ့ ဇာတ်ညွှန်းကို အခြေခံပြီး ဒါရိုက်တာ ဝင်းထွန်းထွန်း (အနုပညာပြချက်) ညွှန်ကြားရိုက်ကူးလိုက်တဲ့ “အမှန်တရား” အမည်ရှိ DVD ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အကယ်ဒမီ ကျော်ရဲအောင်နဲ့အတူ အကယ်ဒမီ စိုးမြတ်သူဇာ၊ မင်းဟိဏ်း၊ ပြေတီဦး၊ ခင်ပပလှိုင်၊ ဝိုင်းစုခိုင်သိန်း၊ လူမုန်း၊ ဇော်ဝင်းနိုင် (မန်း) မင်းစိန် ၊ စိန်သန်း ၊ သပန်ကြီး ၊ ကျော်မင်း စသည်တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဂီတမှုး အောင်လေး ရဲ့နောက်ခံတေး ဂီတနဲ့အတူဖြစ်ပါတယ်။

ဒီကားကို ရိုက်ကူးထားရာမှာ ဒါရိုက်တာ ၀င်းထွန်းထွန်း (အနုပညာပြချက်) ဟာ သူဆောင်ရွက်လာတဲ့ ဒါရိုက်တာ အတွေ့အကြုံ မြောက်မြားစွာကို အခြေခံပြီး လူလူချင်း အမုန်းတရားတွေ မာန်မာန တွေ ၊ အာဃာတတွေ ၊ ရန်ငြိုးတွေ မထားကြပဲ တစ်ဦးနှင့်တစ်ဦး ချစ်ချစ်ခင်ခင် နေထိုင်ဖို့ ၊ လူလူချင်း ညှင်းပန်း သတ်ဖြတ်မှုဟာ ကြီးမားတဲ့ ရာဇ၀တ်မှု ဖြစ်ရုံမက တရားဥပဒေကလည်း ခွင့်ပြုထားတာ မဟုတ်လို့ အလွန် ကြောက်စရာကောင်းပြီး အပါယ်ဘုံ ကျရောက်နိုင်တဲ့အတွက် သတိထား ရှောင်ကြဉ်ဖို့။ လူတွေရဲ့ ရင်ထဲက ပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာကို ဘယ်တော့မှ ဥပေက္ခာ မပြုဘဲ တန်ဖိုးထား အသိအမှတ်ပြု စာနာဖို့ ဆိုတဲ့ ရည်ရွယ်ချက် ကောင်းကောင်းတွေကို စာရင်းသွင်း ထားပါတယ်။

ဒီရည်ရွယ်ချက်တွေ အောင်မြင်ဖို့ အတွက်လည်း တချိန်က မိုက်မဲရမ်းကားစွာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပြီး မျက်မှောက်ကာလမှာ သူတော်ကောင်းယောင်ဆောင်ပြီး နေထိုင်တဲ့ ဦးမြတ်မင်း ခေါ် ဦးကောင်းခန့် ၊ ဖခင်ကို ရက်ရက်စက်စက် သတ်ဖြတ်သွားတဲ့လူကို အားရပါးရ လက်စားချေ သုတ်သင်ဖို့ မြေလှန်ပြီး လိုက်လံရှာဖွေ နေတဲ့ "နေသူရ" ပြီးတော့ နေသူရ ကိုချစ်မိလိုက်တဲ့ "၀တ်မှုန်" နဲ့ ဦးမြတ်မင်းခေါ် ဦးကောင်းခန့် နဲ့ နေသူရတို့ကြားမှာ အမှတ်မထင် စတေးခံလိုက်ရတဲ့ စိတ်ဝေဒနာရှင် "ဒေါ်ထား"ဆိုတဲ့ စိတ်ဝင်စားစရာ ဘ၀ပိုင်ရှင်တွေက ကိုယ်နဲ့ဆိုင်ရာ ဇာတ်ရုပ်တွေနဲ့ ဖော်ထုတ်တင်ပြ ထားပါတယ်။

"အမှန်တရား" ကို ဘယ်သူမှ မျက်ကွယ်ပြုလုပ်မရ ၊ မျက်ကွယ်ပြုရင် အမှန်တရားရဲ့ အပြစ်ပေးခြင်းကို ခံရနိုင်တယ် ဆိုတဲ့ အယူအဆနဲ့ပဲ ဖြစ်ပါတယ်။ မကြာမီ ကြည့်ရှု ခံစားနိုင်ဖို့ အဆင့်မြင့် ရုပ်ရှင်ရုံကြီးများမှာ ရုံတင် ပြသတော့မယ့် အကြောင်း အသိပေး တင်ပြလိုက်ရပါတယ်။

ကျော်ဇောဟိန်း (ဒေါပုံ)

Back to Top
advertisements