|
သံသယ ဆိုတာ အဓိက ကတော့ အထင်အမြင် လွဲမှားမှုကနေ ပေါ်ပေါက်လာတဲ့ မကောင်းမှု စိတ်ဓါတ်ပဲ ဖြစ်ပါတယ်။ ဒီ မကောင်းတဲ့စိတ် သံသယဟာ ဘယ်အရာကိုပဲ ကြည့်ကြည့် ဘယ်လို အကြောင်းအရာကိုပဲ ဆုံးဖြတ်ဆုံးဖြတ် ဘယ်တော့မှ မမှန်တော့ပဲ မှားယွင်းနေတတ်ပါတယ်။
ဒီလို မှားယွင်းနေတတ်တဲ့ အတွက်ကြောင့်လည်း သံသယအမြင်နဲ့ ကြည့်တဲ့လူတွေဟာ ဘယ်တော့မှ ထာဝရ သစ္စာတရားကို မမြင်တွေ့တော့ပဲ စိတ်ဆင်းရဲ တတ်ကြပါတယ်။ မယုံမရှိ
ပါနဲ့ အဲဒီအမှားမြင် သံသယရဲ့ ဆိုးကျိုးကို ကျွန်တော်ကိုယ်တိုင် ကြေကြေကွဲကွဲ ရင်နင့်အောင် ခံစားဖူးလို့ ပြောတာပါပဲ။ တိတိကျကျသိချင်ရင် ကျွန်တော် ရှင်းရှင်းလင်းလင်းနဲ့ အကျဉ်းချုပ် တင်ပြပါမယ်။
ကျွန်တော့်နာမည် “ထူးနိုင်” ပါ။ ဖခင် ဦးမြတ်သင်း၊ မိခင် ဒေါ်လေးခင်တို့နဲ့ နေခဲ့ပါတယ်။ ဒီတုန်းက အရမ်းပျော်ခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဖခင် ဦးမြတ်သင်း ကွယ်လွန်သွားပြီးတဲ့နောက်မှာ ကျွန်တော် မပျော်ရွှင်တော့ပါဘူး။ အရမ်း စိတ်ဆင်းရဲသွားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့်မေမေ ဒေါ်လေးခင်ဟာ ဖေ့ဖေ့မျက်နှာကိုလည်း မထောက်ပဲ တစ်မိသားစုလုံး အရှက်ကွဲအောင် ဦးရဲခေါင်နဲ့ နောက်အိမ်ထောင် ပြုလိုက်လို့ပဲ ဖြစ်ပါတယ်။ ဒီအတွက် မေမေ့ကိုရော မေမေ့နောက်ယောက်ျားကိုရော ကျွန်တော် အမုန်းကြီး မုန်းမိသွားပါတယ်။ ဒါကြောင့် ကျွန်တော့်ဖေဖေ ဦးမြတ်သင်း နေရာဝင်ယူတဲ့ ဦးရဲခေါင်နဲ့ ရက်ရက်စက်စက် သစ္စာဖောက်တဲ့ မေမေတို့ကို မျက်နှာခြင်းမဆိုင်ချင်လို့ အိမ်ကို မကပ်တော့ပဲ အပြင်မှာ ရမ်းချင်တိုင်း ရမ်းနေမိပါတယ်။ ဒီအချိန်မှာပဲ စည်းကမ်းကြီးပြီး ယောက်ျားတွေကို မယုံကြည်တဲ့ ဒေါ်ခင်မမရဲ့ သမီး “တိမ်ပန်းချီ” ဆိုတဲ့ ကောင်မလေးနဲ့ သူငယ်ချင်း ဖြစ်ပါတယ်။ နောက် မကြာခင်မှာပဲ တစ်ဦးအပေါ်တစ်ဦး သံယောဇဉ်ဖြစ်ပြီး ချစ်သူတွေဘဝ ရောက်သွားပါတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ကျွန်တော်တို့ ချစ်သူနှစ်ယောက်ကို၊ သူ့မိခင် ဒေါ်ခင်မမ တွေ့သွားပြီး ခွဲပစ်လိုက်ပါတယ်။
ဒီအချိန်မှာပဲ ကျွန်တော် စာမေးပွဲကျပါတယ်။ ဒါကို မေမေက သူ့နောက်ယောက်ျားရဲ့ မြှောက်ပင့်ပေးမှုကြောင့် ကျွန်တော့်ကို ရိုက်ပါတယ်။ ဒီတော့ ကျွန်တော် မေမေ့နောက်ယောက်ျားကို ပိုပြီးတော့ စိတ်နာမိတာပေါ့ဗျာ။ ဒီလိုနဲ့ တစ်နေ့မှာ ကျွန်တော့်ချစ်သူ “တိမ်ပန်းချီ” က ကျွန်တော်နဲ့ မပေးစားရင် သေတော့မယ်ဆိုလို့ သူ့မေမေက ကျွန်တော့်ကို မိဘတွေနဲ့
လာစေ့စပ်ဖို့ ပြောလာပါတော့တယ်။ ဒါကြောင့် မေမေက လိုက်စေ့စပ်ပေးမယ်လို့ ကတိပေးပါတယ်။ ဒါပေမဲ့ ကျွန်တော်က လက်မခံပါဘူး။ သူ့နောက်ယောက်ျား ကျွန်တော့်ပထွေးကိုပါ စေ့စပ်တဲ့ဆီ ခေါ်မယ်ဆိုလို့ပါပဲ။ ဒါ ဘယ်တရားမလဲ ဖေဖေ့နေရာကို ဝင်ယူပြီး ကျွန်တော့်ဖေဖေလုပ်မယ့်လူကို ကျွန်တော်က ဘယ်လိုလုပ် ကြည်ဖြူလို့ ဖြစ်ပါ့မလဲ။ ဒါပေမဲ့ ကျွန်တော် အမှားကြီး မှားသွားခဲ့ပါတယ်။
အချိန်ကြာမြင့်စွာ ကျွန်တော့်အသဲနှလုံးထဲမှာ ရှိနေတဲ့ သံသယဟာ ကျွန်တော့်ကို အမှန်တရားတွေ မမြင့်နိုင်အောင် ပိတ်ကွယ် တားဆီးခဲ့တယ်။ ဒါကို ကျွန်တော် ဘယ်အချိန်မှာ ဘယ်လိုသိခဲ့သလဲ ဆိုတာကိုလည်း ပြောပြချင်ပါသေးတယ်။
ကျွန်တော့်အဖေလို့ ထင်ခဲ့တဲ့ ဦးမြတ်သင်းရဲ့ညီ ဦးအောင်ချမ်းက ဦးရဲခေါင်ကို အရက်ပုလင်းဖင်ပြတ်နဲ့ ထိုးလိုက်တဲ့နေ့မှာပဲ သိလိုက်ရတာကတော့ ဦးရဲခေါင်ဟာ ကျွန်တော့်အဖေအရင်းတဲ့။ လက်မထပ်ခင် ကျွန်တော့်မေမေနဲ့ သူတို့ ချစ်သူဘဝမှာ မှားယွင်းမိရာကနေ ကျွန်တော့်ကို ကိုယ်ဝန်ဆောင်ခဲ့တာတဲ့။ ဦးရဲခေါင်က မေမေနဲ့ လက်ထပ်မလို့ ပြင်ဆင်နေတုန်း
ဓါးပြတိုက်ခံခဲ့ရပြီး ဒဏ်ရာရ အတိတ်မေ့သွားလို့ မေမေနဲ့ လက်မထပ်ဖြစ်တာတဲ့ မေမေကလည်း ကျွန်တော့်ကိုယ်ဝန်ကြောင့် သားသမီးမရနိုင်တဲ့ ဦးမြတ်သင်းနဲ့ လက်ထပ်လိုက်တာတဲ့။ ဒါကြောင့် ဦးရဲခေါင်ဟာ ကျွန်တော့်အဖေအစစ်တဲ့။ ကဲ.... သံသယက ဘယ်လောက်ဆိုးသလဲ ဖခင်အရင်းကိုတောင် ကျွန်တော် ပြစ်မှားမိတဲ့အထိပဲဗျာ။
အခု ဒီအဖြစ်အပျက်တွေကို နယူးထိပ်တန်းဗီဒီယိုထုတ်လုပ်ရေးက ထုတ်လုပ်သူ ဦးကိုကိုတင် (နယူးထိပ်တန်း)ဟာ ကြည်ကြည်လွင် (နယူးထိပ်တန်း)ရဲ့ အစီအစဉ်နဲ့ DVD ဇာတ်ကားတစ်ကား ရိုက်ကူးထားပါတယ်။ ဒီကားကတော့ “နွေအလွန်” က ဝတ္ထုရေးပြီး ဇဗ္ဗူထွန်းသက်လွင်က ဇာတ်ညွှန်းခွဲကာ ဒါရိုက်တာလုပ် ရိုက်ကူးထားတဲ့ ကားတစ်ကားပါ။ ဒီကားဟာ ဟိန်းဝေယံ၊ ချစ်စနိုးဦး၊ ရဲအောင်၊ မို့မို့မြင့်အောင်၊ နိုင်လူ၊ ဖြိုးဇာခြည်နဲ့ ဇေယျာအောင်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “နှစ်ဆယ့်တစ်ရာစုပဲ့တင်သံ” DVD ဇာတ်ကားပဲ ဖြစ်ပါတယ်။
ကျော်ဇောဟိန်း (ဒေါပုံ)
|