|
မျက်ရည်စက်တွေနဲ့ပတ်သက်ပြီး လူတွေက အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြပါတယ်။ အချစ်ကြီးချစ်မိရာကနေ အဝေးကြီး ဝေးတဲ့အခါမှာ မျက်ရည်ကျတတ်တယ်သလို၊ သင်္ခါရတရားကြောင့်
ရှင်ကွဲတွေသေကွဲတွေကွဲတဲ့အခါမှာလည်း မျက်ရည်တွေကျတတ် ပါတယ်တဲ့။ ပြီးတော့ မချိတင်ကဲနဲ့ ရင်ထဲမှညဆိုင်အခဲဖြစ်လောက်အောင်နာကျည်းတဲ့အခါ ဒါမှမဟုတ် ဒေါသ အမျက်ချောင်းချောင်း ထွက်တဲ့ အခါတွေမှာလည်း မျက်ရည်တွေ ကျတတ်တယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် မျက်ရည်ဆိုတာ လူတိုင်းလူတိုင်းအကြောင်းအမျိုးမျိုး မျက်လုံးထဲကနေပါးပြင်ပေါ်ကို ကျဆင်းတတ်တယ်လို့ အဓိပ္ပါယ်ဖွဲ့ ကောက်ချက်ချ လို့ရပါတယ်။
ဒါပေမယ့် ဘယ်လိုအကြောင်းအရာကြောင့်ပဲဖြစ်ဖြစ် မျက်ရည်ဆိုတာ မြစ်တွေချောင်းတွေထဲကရေတွေလို ခိုင်ခံ့တဲ့ ရေကာတာတွေနဲ့ ထိန်းထားသလို မျက်ရည်ကိုလည်း လူတွေဟာ
ဂုဏ်သိက္ခာတွေ၊ အရှက်အကြောက်တွေ၊ ကိုယ်ကျင့်တရား တွေနဲ့ပါမက အမျိုးမျိုးသော ပုဂ္ဂလိကခံစားချက်တွေနဲ့လည်း ပါးပြင်ပေါ်မကျ မြေမခအောင် ကျကျနန ခက်ခက်ခဲခဲ ထိန်းထားလေ့ရှိကြ ပါတယ်။
ဒါပေမယ့်မုန်တိုင်းတွေတိုက်တဲ့အခါ လှိုင်းတွေထန်တဲ့အချိန် မြေငလျှင်လှုပ်တဲ့ကာလတွေမှာ မြစ်ချောင်း အင်းအိုင်က ရေတွေ၊ တာရိုးတွေ ရေကာတာတွေကျိုးပေါက်တာကိုအကြောင်းပြုပြီး အရှိန်အဟုန်ပြင်းစွာ စီးဆင်းတတ်ကြသလို လူတွေရဲ့နှလုံးသားကတဆင့် မျက်လုံးထဲမှာဖြစ်ပေါ်လာတဲ့ မျက်ရည်တွေဟာလည်း လူတွေရဲ့အမျိုးမျိုးသော ပုဂ္ဂလိက ခံစားချက်တွေ ပြင်းထန်လာတဲ့ အခါမှာ
ထိန်းမနိုင်သိမ်းမရတော့ပဲ မျက်လုံးတွေထဲကနေ တစိမ့်စိမ့်မရှက်နိုင် မကြောက်နိုင် စီးကျတတ်ကြပါတယ်။ တစ်သက်နဲ့တစ်ကိုယ် အမြင့်ဆုံးသောခံစားချက်တွေနဲ့ပဲဖြစ်ပါတယ်။
အခုဒီမျက်ရည်တွေကိုအကြောင်းပြုအခြေခံပြီး လူတွေရဲ့မေတ္တာတရားတွေ၊ သံယောဇဉ်သမုဒယနွယ်မျှင်တွေ၊ ချစ်ခြင်း သစ္စာ စုံမက်ခင်တွယ်မှုတွေနဲ့အတူ အမုန်းတွေ၊ အာဃာတတွေ၊
အမျက်မာန်မာနတွေ၊ လက်စားချေတိုက်ခိုက်မှုတွေ ပြီးတော့ ပူလောင်ပြင်းပြတဲ့မာန်မာန အတ္တမီးတွေနဲ့ ဆက်နွယ်ပတ်သက်နေတဲ့ စိတ်ဝင်စားစရာလူတွေရဲ့ မျက်ရည်စက်တွေ အကြောင်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် တစ်ခုသောဗီဒီယိုထုတ်လုပ်ရေးက ဗီဒီယိုဇာတ်ကားတစ်ကား ရိုက်ကူးထားပါတယ်။ ဒီဗီဒီယို ထုတ်လုပ်ရေးကတော့ “ရွှေလက်ဆက်” ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးပဲဖြစ်ပါတယ်။
ဒီထုတ်လုပ်ရေးက မျက်ရည်အကြောင်းဖော်ပြထားတဲ့ စိတ်ဝင်စားစရာ DVD ဇာတ်ကားကတော့ “မျက်ရည်တံခါး” လို့အမည်ပေးထားတဲ့ DVD ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ရွှေလက်ဆက် ဗီဒီယိုထုတ်လုပ်ရေးရဲ့ လေးကားမြောက် အနုပညာ တင်ဆက်မှုပဲ ဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ ချောညီညီလွင်က ထုတ်လုပ်မှု တာဝန်ခံ ဖြစ်ပါတယ်။ ဒီလို ရိုက်ကူးရာမှာ သဘာဝ တရားကျ လူ့ဘဝရဲ့ သရုပ်လည်းမှန်၊ ယုတ္တိလည်း ရှိရုံမက စိတ်ဝင်စားစရာ ဇာတ်လမ်းတွေလို ရေးဖွဲ့ဖန်တီး ပေးတတ်တဲ့ မောင်ချမ်းသာ (သစ္စာ မေတ္တာ ရွှေမန်းသဘင်) ရဲ့ ဝတ္ထုကို အခြေခံပြီး မြင့်ဦးဦးမြင့်က ဇာတ်ညွှန်း ခွဲပေးပါတယ်။ ပြီးတော့ ဒီဇာတ်ညွှန်းနဲ့ ဝတ္ထုကို အခြေခံပြီး ဒါရိုက်တာ ဝင်းထွန်းထွန်း (အနုပညာ ပြချက်) က ပရိသတ်ရဲ့ ရင်ထဲ ထိရှ ခံစားရအောင် ဖော်ကျူး ရိုက်ကူးပေးပါတယ်။ ပါဝင်သရုပ်ဆောင်ပေးထားကြတဲ့ အနုပညာရှင်တွေက တော့…. အကယ်ဒမီ ကျော်ရဲအောင်၊ ရဝေအောင်၊ နေဆန်း၊ အကယ်ဒမီ မို့မို့မြင့်အောင်၊ အကယ်ဒမီ မျိုးသန္တာထွန်း၊ သဇင်၊ စိုးမိုးကြည်၊ အကယ်ဒမီ စံရှားတင်၊ ကျော်ဇင်ထွဋ်၊ ဇော်ဝင်းနိုင်(မန်း)နဲ့ အခြား ပုဂ္ဂိုလ် များ ဖြစ်ကြပါတယ်။ နောက်ခံ တေးဂီတ ကိုတော့ ဇာတ်နဲ့ လိုက်ဖက်အောင် ဂီတမှူး အကယ်ဒမီ ခင်မောင်ကြီး က ဖန်တီးပေးပြီး ဇာတ်ဝင်ကားကို ကေလက်မိုး ကရေးပြီး ဘိုဘိုက ဆိုထားပါတယ်။ မကြာမီကြည့်ရှုခံစားနိုင်ဖို့ ရုံတင်ပြသတော့ မယ်လို့ အသိပေးလိုက်ပါတယ်။
ကျော်ဇော်ဟိန်း (ဒေါပုံ)
|