Guest
 
 
₪ Watch this
ဒီသင်္ကြန်

₪ Movie Review
Entertainment.phoewa.com
ဒီသင်္ကြန်

ရာသီတကာ့ ရာသီ ပွဲတော်တကာ့ ပွဲတော်တွေထဲမှာ ကျွန်တော်တို့ မြန်မာပြည်က တန်ခူးလ မဟာသင်္ကြန် ရေကစား ပွဲတော်ဟာ ပျော်ရွှင် ကြည်နူးစရာ အကောင်းဆုံးလို့ ယုံကြည်မိပါတယ်။ ဒီ မဟာသင်္ကြန် ရေကစား ပွဲတော်ဟာ ပွဲတော်ရက် မရောက်ခင် ကတည်းက လူတွေကို ကြိုတင် ဖမ်းစားလေ့ ရှိပါတယ်။ သင်္ကြန် ရောက်ရင် ဘယ်လို ပျော်လိုက်မယ် ဘယ်လို လည်မယ် ဘယ်ကို သွားမယ် ဘာတွေ ကြွေးမယ် ဘာတွေ လုပ်မယ်ဆိုတဲ့ စိတ်ကူး တွေနဲ့လည်း ရင်ခုန် ကြည်နူး နေတတ် ကြပါတယ်။ ပြီးတော့ သင်္ကြန် ရောက်လို့ ရွှေဝါရောင် ပိတောက်တွေ ပွင့်ရင်လည်း ပိတောက်ကို အကြောင်းပြုပြီး နှစ်ပေါင်း ရာထောင်မက မေ့မရနိုင်တဲ့ အချစ်ဇာတ်လမ်း လေးတွေ ကိုလည်း လူငယ်တွေဟာ ဖန်တီး တည်ဆောက်ကြဖို့ ကြိုတင် ပြင်ဆင်ရင်း ရင်ခုန်နေလေ့ ရှိကြပါတယ်။

တကယ်တန်း သင်္ကြန်ရောက်လာတော့လည်း ပွဲတော်ရက် လေးရေက်လုံး တစ်ခါတစ်ရံမှာ ငါးရက်တိုင်တိုင် ကြိုတင်ရင်ခုန် ပြင်ဆင်ထားကြတဲ့ အတိုင်း ပိတောက်တွေ ခူးသူကခူး၊ ပေးသူကပေး၊ ပန်သူကပန်၊ ရေတွေ ပက်သူကပက၊် အပက်ခံသူတွေ့ အပက်ခံရုံမက၊ ကားတွေနဲ့လှည့်၊ မဏ္ဍပ်တွေနဲ့က စတိတ်တွေနဲ့ သီချင်းဆို ပျော်ရွှင်ကြည်နူးစရာတွေနဲ့ နောက်ပြောင်ပြီးတော့ ဘုရားကျောင်းကန်သွားရုံမက နှလုံးသားအလုပ်လက်မဲ့ ဖြစ်နေတဲ့ နှလုံးသား အသစ်ပိုင်ရှင် ကောင်လေး၊ ကောင်မလေးတွေကလည်း ဖြူစင်ရှင်းသန့်တဲ့ အချစ်သစ်တွေကိုရှာနဲ့ ဘယ်လိုမှတိုင်းတာနှိုင်းဆပြီး ပမာပြလို့ မရအောင် ထူးဆန်းပြိုင်ဆိုင်လှပါတယ်။ ဒါတင်လားဆိုတော့ မကပါဘူး။ အဲဒီ သင်္ကြန်ရက်တွေကို အခြေခံပြီး ဖြစ်ပေါ်လာခဲ့တဲ့ လှလည်းလှ၊ ထူးလည်းထူးဆန်း၊ စိတ်ဝင်စားစရာလည်း ဖြစ်တဲ့ မေတ္တာဇာတ်လမ်း၊ ဘ၀ပုံပြင်တွေကို လေ့လာတွေ့ရှိမိတဲ့ အနုပညာရှင်တွေက နောက်နှစ်သင်္ကြန်မှာ ပြန်လည်ဖောက်သည်ချ တင်ပြချင်လို့ ၀တ္ထုတွေရေး၊ သီချင်းတွေဖွဲ့၊ ရုပ်ရှင် ဗီဒီယိုတွေရိုက်နဲ့ အလွန်ပဲ ထူးခြားလှပါတယ်။

အခုလည်း ခေတ်အဆက်ဆက် အစဉ်အလာ မြန်မာ့ယဉ်ကျေးမှု ထုံးတမ်းစဉ်လာကို တာဝန်သိစွာ ဆက်လက်စောင့်ထိန်းတဲ့ အနေနဲ့ တစ်ခုသော ဗီဒီယို ထုတ်လုပ်ရေးဟာ မဟာသင်္ကြန်နောက်ခံ အချစ်ဘ၀ ဗီဒီယို ဇာတ်ကားတစ်ကားကို ယနေ့ လူငယ်တွေ ပြန်လည်ပြီး ကြိုတင်ခံစားစေချင်တဲ့ စေတနာနဲ့ လှလှပပ ရိုက်ကူးလိုက်ပါတယ်။ ဒီဗီဒီယို ထုတ်လုပ်ရေးကတော့ ဇာတ်လမ်း ကောင်းကောင်းတွေကို မကြာခဏ ရှာဖွေရိုက်ကူးပြီး ပရိသတ်ကို ကျေနပ်အားရမှုတွေ ဖြစ်အောင် ဆောင်ရွက်ပေးနေတဲ့ “မာန်ထက်ချီ” ဗီဒီယို ထုတ်လုပ်ရေးပဲ ဖြစ်ပါတယ်။

အဲဒီဗီဒီယို ထုတ်လုပ်ရေးဟာ အဲဒီ “သင်္ကြန်” ဇာတ်ကားကို ရိုက်ကူးရာမှာ ဒါရိုက်တာ ဇဗ္ဗူထွန်းသက်လွင်က မြောက်များလှတဲ့ သူ့ရဲ့ကားရိုက်အတွေ့အကြုံကို အခြေခံပြီး ဒီသင်္ကြန် အခြေခံ ဗီဒီယို ဇာတ်ကားကို သွက်သွက်လက်လက်၊ ယုတ္တိရှိရှိ၊ လှလှပပ၊ သေသေသပ်သပ် ရိုက်ကူးပေးထားပါတယ်။ ဗီဒီယိုဇာတ်ကားကိုလည်း “ဒီသင်္ကြန်” လို့ပဲ အမည် ပေးထားတာ ဖြစ်ပါတယ်။

ဒီကားမှာ ဟိန်းဝေယံ၊ ဆုပန်ထွာ၊ ပြည့်ဖူးခိုင်၊ မေတ္တာ၊ ဇော်ဇော်အောင်၊ တေဇာအောင်၊ ခင်စိုးပိုင်၊ အောင်အောင်(မြင်စိုင်းသား) တို့နဲအတူ လူငယ်သရုပ်ဆောင်သစ် စည်သူအောင်ကို ပွဲထုတ်ထားပါတယ်။ စည်သူအောင်ကလည်း ပရိသတ် လက်ခံအားပေးမှုနဲ့ အောင်မြင်မှုများစွာကို ရယူပိုင်ဆိုင်ချင်တဲ့ လူငယ်တစ်ဦးပီပီ သူနဲ့ ပတ်သက်တဲ့ ဇာတ်ရုပ်တွေကို ပီပီပြင်ပြင် သရုပ်ဆောင် ပေးထားပါတယ်။

ဒါရိုက်တာဟာ ဒီဇာတ်ကားကို ရိုက်ကူးရာမှာ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းရန် လူငယ်တွေရဲ့ ပျော်ရွှင်ကြည်နှုးမှုကို မျှဝေအားပေးရန်၊ ချစ်သူတိုင်းညားပြီး ညားသူတိုင်းချစ်ရန် ဓနအင်အားဖြင့် မတရားမလုပ်ရန် ကံကြမ္မာရဲ့ သဘောအရ တစ်ခါတစ်ရံ လူတွေရဲ့ ဘ၀ဟာ ကြေကွဲစရာတွေနဲ့ ဆုံတွေ့တတ်တာကို သိရှိထားရန်နဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ ဆုံးမသြ၀ါဒအတိုင်း သားလှရတနာတိုင်းကို အရွယ်ရောက်တာနဲ့ သာသနာ့အမွေပေးကြရန် ဆိုတဲ့ ရည်ရွယ်ချက်တွေကို ထည့်သွင်းဖေါ်ပြ ထားပါတယ်။

ဒီဖော်ပြချက်တွေ ထိရောက်အောင်မြင်အောင်လို့လဲ “အတာ”၊ “သစ်ဆန်း”၊ “ပိတောက်”၊ “စန္ဒီ” စတဲ့ ဒလ မြို့ထဲက ဇာတ်ကောင် လူငယ်တွေနဲ့ အတူ ပတ်ဝန်းကျင်တစ်ခုလုံးက သိုက်သိုက်မြိုက်မြိုက် ဖော်ကျူးထားကြပါတယ်။ သင်္ကြန်ဇာတ်လမ်း ကောင်းကောင်းကြိုက်သူတွေအတွက် “မာန်ထက်ချီ” ဗီဒီယို ထုတ်လုပ်ရေးကပဲ ဖြန့်ချီပေးမှာ ဖြစ်ကြောင်း တင်ပြပေးလိုက် ရပါတယ်။

ကျော်ဇောဟိန်း (ဒေါပုံ)

Back to Top
advertisements