Guest
 
 
₪ Album Review
ဟန်ထွန်း ရဲ့ ရှိနေမယ်

₪ Album Review



ဟန်ထွန်း ရဲ့
ရှိနေမယ်


Written by: zeRoTraSh

နှစ်ပိုင်းခြား တော်တော်ကြာကြာ စောင့်ခဲ့ရပြီးမှ ဟန်ထွန်းရဲ့ တစ်ကိုယ်တော် စီးရီး "ရှိနေမယ်" ကျွန်တော်တို့ ရှေ့ကို ရောက်လာပါတယ်။ အခက်ခဲတွေကြားက ဖြတ်သန်းမှုတွေ၊ ရင်းနှီးမှုတွေ၊ ဇွဲ၊ လုံ့လတွေကို ကျွန်တော်တို့ ဒီအခွေမှာ မြင်နိုင်ပါတယ်။ ဟန်ထွန်းဟာ သူ့ကို စောင့်စား အားပေးတဲ့ ပရိတ်သတ်ကို ကျေနပ်နှစ်သိမ့်မှု အပြည့်အ၀ ပေးထားတယ်ဆိုတာ ဒီအခွေမှာ ပေါ်လွင်နေပါတယ်။ ကေအေတီ၊ အငဲ၊ မြင့်မိုးအောင်၊ ဇ၀ါ နဲ့ ငယ်ဆူးသစ် တို့က သီချင်းတွေကို ရေးပေးပြီး အားဖြည့်ထားကြတယ်။ တီးဝိုင်းကတော့ ကျွန်တော်တို့တွေ အကောင်းဆုံးလို့ အမှတ်ပေးကြရတဲ့ Iron Cross ပါပဲ။ ဖြန့်ချိရေးကို တာဝန်ယူပေးတာက The Sun Music Production ပေါ့။ ကဲ ကျွန်တော်တို့တွေ ဟန်ထွန်းရဲ့ "ရှိနေမယ်" စီးရီးကို တံခါးဖွင့်ကြည့်ကြစို့။

အဖွင့်သီချင်းက "ယုံကြည်ခြင်း" တဲ့ အငဲ ရေးပေးထားတာပါ။ ဒီသီချင်းကတော့ ဟန်ထွန်း နောက်ပိုင်း ရှိုးပွဲတွေမှာ စစဖွင့်ခြင်း ဆိုမယ့် သီချင်းလို့တောင် ကျွန်တော်က ပြောချင်ပါတယ်။ Chrous ပိုဒ်က "အချစ်အတွက်နဲ့ ကူးခတ်ဆဲ ကမ်းစပ်မဲ့တဲ့ ဘ၀လှိုင်းတွေထဲ အချစ်အတွက်နဲ့ ပျံသန်းဆဲ" ဆိုတဲ့ စာသားတွေကို ပရိတ်သတ်နဲ့ အပေးယူမျှမျှ သီဆိုဖျော်ဖြေနိုင်မှာပါ။ ဒီသီချင်းက နားထောင်လိုက်တာနဲ့ Show Mood ကိုပါ ဖမ်းနိုင်ပါတယ်။ အခွေ အဖွင့်နဲ့လည်း လိုက်ဖက်လှပါတယ်။

ဒုတိယ တစ်ပုဒ်ကတော့ perfect ဖြစ်တယ်လို့ပဲ ပြောရမှာပါ။ ဟန်ထွန်းရဲ့ ဆိုဟန်၊ ကေအေတီရဲ့ စာသားပံ့ပိုးမှု တို့နဲ့အတူ ဗညားနိုင်ရဲ့ KB တီးပေးထားတဲ့ ပုံတွေဟာ လိုက်ဖက်ညီလွန်းလှပါတယ်။ ဒီသီချင်းကို နားထောင်လိုက်ရင် ဟန်ထွန်း အဆိုပညာမှာ ကျွမ်းကျင် အဆင့်ရှိတယ်ဆိုတာ သိသာပါတယ်။ စာသားအပေါ်မှာ ခံစားပြီး ဆိုသွားပုံက နားထဲမှာ စွဲသွားပါတယ်။ "လွယ်လွယ် မေ့ပစ်လို့ မဖြစ်ဘူး ငါနဲ့မင်းက ဘဝအတူ ရင်ခုန်ဘက်လူ တကယ် အပြီးသတ် မဝေးသေးခင် ပြန်စဉ်းစား ရည်ရွယ်တဲ့ဘဝရဲ့ ခရီးလေးဆက်ချင်လို့" ဆိုတဲ့ ကေအေတီရဲ့ စာသားက လူငယ်တွေကို လွမ်းသွားစေပါတယ်။ သီချင်းဆုံးခါနီး ကီးချိန်းပြီး သီဆိုသွားပုံက နားထောင်နေသူကို ရင်ထဲမှာ မောပြီးကျန်ခဲ့စေပါတယ်။ "ရင်ခုန်ဘက်သို့တမ်းချင်း" ဆိုတဲ့ သီချင်းလေးဟာ ခင်ဗျားတို့ကို ဟန်ထွန်းက အလွမ်းကမ္ဘာထဲကို ဆွဲခေါ်သွားမယ်ဆိုတာ သေချာပါတယ်။

အခွေရဲ့ ခေါင်းစဉ်သီချင်း "ရှိနေမယ်" ဆိုတဲ့ သီချင်းကလည်း ပရိတ်သတ်ကို ကျေနပ်စေပါတယ်။ ကိုယ့်ကောင်မလေးကို ဆိုပြချင်တဲ့သူတွေ ဂစ်တာလေးတီးပြီး အေးအေးဆေးဆေး ဆိုပြနိုင်တဲ့ သီချင်းမျိုးပါ။ တေးရေးကတော့ ကေအေတီပါပဲ။ "ကဲ ငိုမနေနဲ့တော့ အရေးမကြီးသလို ထားလိုက် အခက်အခဲတွေ မေ့လိုက် ကြာလာရင် ရူးမယ် မတွေးနဲ့" ဆိုတဲ့ စာသားလေးတွေကတော့ အားလုံး ညည်းချင်မယ့် စာသားလေးပါပဲ။ ခေါင်းစဉ်နဲ့လိုက်ပါတယ် ရှိနေမယ်ဆိုတဲ့ အတိုင်း ဟန်ထွန်း ခင်ဗျားတို့နားမှာ အဲဒီ့သီချင်းနဲ့ အတူ ရှိနေပါလိမ့်မယ်။

အငဲရေးပေးတဲ့ "ရင်နာတယ် အေပရယ်" ဆိုတဲ့ သီချင်းလေးကလည်း တမူထူးခြားပါတယ်။ စာသားလေးတွေက Bridge နေရာမှာ တော်တော်လှပါတယ် "ငါနဲ့မင်း တစ်ယောက်နဲ့ တစ်ယောက်ပြိုင်ခဲ့ ဘယ်သူပိုပြီး ချစ်တာလဲ ရင်ခုန်စွာ အချစ်ရူးခဲ့တာ ဒီဘဝကြီး ပုံအပ်ပြီးအခုမှ ငါအသိုက်ပျက်တဲ့ ငှက်ဘဝ ရင်နာတယ် ဒီနွေညများ" လို့ အငဲက ရေးပေးထားပါတယ်။ ဟန်ထွန်းကလည်း ပိရိသပ်ရပ်စွာ သီဆိုပြထားတာကို ကျွန်တော်တို့ နားဆင်ရပါတယ်။

"အိမ်" ဆိုတဲ့ သီချင်းကတော့ ဟန်ထွန်းနဲ့ အတူ တင်ဇာမော်က စုံတွဲ ကူညီသီဆိုပေးထားပါတယ်။ တင်ဇာမော်လို သမ္ဘာတစ်ယောက်နဲ့ အတူ ဟန်ထွန်းက ဒီသီချင်းလေးကို ရုပ်လုံး ကြွလာအောင် သီဆိုပြထားပါတယ်။ တေးရေးကတော့ မြင့်မိုးအောင် ဖြစ်ပါတယ်။ စာသားလေးတွေက ကဗျာဆန်သလို ဟန်ထွန်းနဲ့ တင်ဇာမော်တွဲဖက် သီဆိုမှုကလည်း လှလှပပ ရှိတာကြောင့် စိတ်ထဲမှာ စွဲသွားစေတဲ့ သီချင်းလေး တစ်ပုဒ် ဖြစ်ပါတယ်။

ဟန်ထွန်း အခွေထဲမှာ သီချင်းဆိုတတ်ရုံနဲ့ ဆိုလို့ မရတဲ့ သီချင်းတစ်ပုဒ်ကို ပြပါဆိုရင် ကေအေတီ ရေးပေးထားတဲ့ "တို့ဘဝသစ်နေ့" ကို ပြရမှာပါ။ ဒီသီချင်းကို ဟန်ထွန်းက သေသပ်နိုင်နင်းစွာ ဆိုပြထားလို့ နားထောင်လို့ ကောင်းပါတယ်။ ဒီသီချင်းကို နားထောင်မိတာနဲ့ ဟန်ထွန်းရဲ့ သီချင်းဆိုပုံ ဆိုပေါက်ကို မချီးကျူးပဲ မနေနိုင်ပါဘူး။ အာလုံးလဲ ကျွန်တော်နဲ့ ထပ်တူဖြစ်မယ်လို့ ထင်မိပါတယ်။

ကျွန်တော် အကြိုက်ဆုံး သီချင်းကတော့ ကေအေတီ ရေးပေးထားတဲ့ "သူ့အချစ်" ဆိုတဲ့ သီချင်းပါပဲ။ ဖွဲ့နွဲ့မှု ကောင်းတဲ့ သီချင်းလေးပေါ့။ ကေအေတီရဲ့ စာသားလေးတွေကလည်း သိပ်ကို နူးညံ့လွန်းပါတယ် "သူ့အချစ်က သိပ်လိုတယ် အားနည်းချက်များကို အရာရာ ဖြည့်ဆည်းဖို့" ဆိုတဲ့ နေရာလေးတွေမှာ ဟန်ထွန်းက ခံစားချက် အပြည့်နဲ့ သီဆိုပေးထားတော့ နားထောင်နေတဲ့ စိတ်ဝိဥာဉ်တွေပါ သီချင်းထဲကို မျောပါသွားပါတယ်။ ဒါ့ကြောင့် ဒီသီချင်းကိုတော့ ကျွန့်တော် အကြိမ်ကြိမ် နားထောင် နေမိတယ်။

ဇ၀ါ ရေးပေးထားတဲ့ "မင်းရဲ့အဝေး" လူငယ်တွေ ဂစ်တာတီးပြီး သီဆိုလို့ ကောင်းမယ် သီချင်းတစ်ပုဒ်ပါပဲ။ "အဖော်မဲ့ လမ်းမှာ မပျော်နိုင်ခဲ့ဘူး အဖော်မဲ့ လမ်းမှာ ကြေကွဲရသူ မင်းရဲ့အဝေးမှာ မနေချင်တော့ဘူး မင်းအချစ်နဲ့ ဝေးရာ" ဆိုတဲ့ Chrous ကတော့ သံပြိုင်သီဆိုလို့ ကောင်းမယ့် စာသားလေးတွေပေါ့။

" မိုးစက် ကလေးများ ငါ့အပေါ် ခုန်ဆင်းရင်း အို တို့နှစ်ယောက်ရဲ့ အတိတ်ကို သယ်ခဲ့ပြီ" ဆိုပြီး ဟန်ထွန်း သီဆိုလိုက်တဲ့ သီချင်းစာသားလေးက ချစ်သူနဲ့ ဝေးနေသူတွေ လွမ်းနေရသူတွေကို သူတို့ရဲ့ အလွမ်း အရှိန်ကို မြှင့်ပေး လိုက်သလိုပါပဲ။ ဒီသီချင်းလေး နာမည်ကတော့ "လွမ်းသူအကြောင်း" တဲ့ ငယ်ဆူးသစ် ရေးပေးထားတာပါ။ သီချင်းနာမည်နဲ့လဲ လိုက်ဖက်ညီတဲ့ သီချင်းလေး တစ်ပုဒ်ပါပဲ။

နောက်ဆုံး တစ်ပုဒ်ကတော့ ဒီအခွေထဲမှာ အပုဒ်ရေ အများဆုံး ရေးပေးထားတဲ့ ကေအေတီရဲ့ သီချင်းပါပဲ။ "စိတ်မပျက်ဘူး" ဆိုတဲ့ သီချင်းလေးပေါ့။ သီဆိုပုံရော စာသားရော အားလုံး အဆင်ပြေတဲ့ သီချင်းလေးပါပဲ။ တစ်ခွေလုံးကို ခြုံငုံသုံးသပ်ရရင် ခွေကောင်းတစ်ခွေပါ ဆိုတာထက် ပိုပါတယ်။ Melody ပိုင်ပိုင် နိုင်နိုင် သီဆိုနိုင်တဲ့ အဆိုတော် ရှားပါးနေတဲ့ အချိန်မှာ ဟန်ထွန်းလို အဆိုတော် ပေါ်လာဖို့ လိုအပ်ပါတယ်။ သီချင်းဆိုရာမှာ အသံကောင်းရုံတင် ဆိုတတ်ရုံတင် မကပဲ အပုဒ်တိုင်းမှာပါ Mood ကောင်းတာကို ခံစားရပါတယ်။ ဟန်ထွန်း ဒီအခွေနဲ့အတူ ပရိတ်သတ်တွေ ရင်ထဲမှာ ရှိနေပါလိမ့်မယ်လို့ ကျွန်တော် ပြောလိုက်ချင်ပါတယ်။

သူတို့တွေရဲ့ မှတ်ချက်များ

  လေးဖြူ

ဟန်ထွန်းရဲ့ “ယုံကြည်ခြင်း” နဲ့ “တို့ဘ၀သစ်နေ့” နှစ်ပုဒ်ကို အကြိုက်ဆုံးပါပဲ။ Keep on Rockin !!


  အငဲ

ဒီခွေလေး နားထောင်ရတာ အားရပါတယ်။ ဟန်ထွန်း ကံကောင်း ပါတယ်။ တေးရေးတွေရဲ့ ဈာန်ကိုလဲ သူ့အခွေထဲမှာ တွေ့နိုင်ပါတယ်။ သူရဲ့ကြိုးစားမှုလဲ ပေါ်လွင်ပါတယ်။ ပိရိသတ် အပိုင်းတော့ မသိဘူးပေါ့။ နားတော့ ထောင်ကြည့် စေချင်ပါတယ်။ နားထောင်ပြီးမှ မကြိုက်ရင်တော့ မသိဘူးပေါ့။ ဟန်ထွန်း ဒီခွေမှာ ဖြစ်ခွင့် မရခဲ့ရင်တော့ တော်တော် နှမြောဖို့ ကောင်းပါ လိမ့်မယ်။ “ကျနော်ရေးပြီး သူများဆိုတဲ့” ထဲမှာလဲ ဒီခွေထဲက (၂)ပုဒ်မှာ ဟန်ထွန်းကို Credit မှတ်ပေးပါတယ်။ ကျနော် အကြွေဆုံးသီချင်းက တင်ဇာမော်နဲ့ စုံတွဲဆိုတဲ့ “အိမ်” သီချင်းလေး ကိုတော့ Over-100 မှတ်ပေးပါတယ် ခင်ဗျာ . . .


  မြင့်မိုးအောင်

အခက်ခဲတွေ အများကြီး ကြားမှာ နှစ်ရှည်လများ ဖြတ်သန်းခဲ့ရတဲ့ “ဟန်ထွန်း” နဲ့ သူရဲ့ “ရှိနေမယ်” သီချင်း Album မှာ တန်ဘိုးတစ်ခုတော့ ရှိနေမယ်လို့ ခံစားမိပါတယ်။


  ရွှေဂျော်ဂျော်

ဟန်ထွန်းရဲ့ အရည်အသွေးကို မြင်ရတဲ့ အခွေပါဘဲ။ ဆိုလိုတာက သူတစ်ကိုယ်တော် Album မို့ ပိုပြီး မြင်တွေ့ ခွင့်ရတယ်လို့ ဆိုလိုတာပါ။ သီချင်း အားလုံးလည်း စွဲမက်ဖွယ် ကောင်းပါတယ်။ သူ့ကို မျှော်လင့် စောင့်ကြည့်စရာ အဆိုသမားလို့ ထင်ပါတယ်။

Back to Top
advertisements